လာရောက်ဖတ်ရှု့ သွားသူပေါင်း

အားလုံးမင်္ဂလာပါ

17 April 2011

သတိထားစရာ မျက်လုံးစိမ်းနှင့် သတ္တဝါ

လူဟူ၍ ဖြစ်လာ ကြပြီဆိုလျှင် မျက်လုံးစိမ်းနှင့် သတ္တဝါကို တစ်နည်းမဟုတ် တစ်နည်း ဆုံဖူးကြမည်။ သတိထား မိသော်ရှိ မထားမိသော်ရှိ ချက်လုံး စိမ်းတို့နှင့် အကြည့်ခံ ဖူးကြသလို မိမိ မျက်လုံးတို့လည်း စိမ်းသွား တတ်ကြသည်။ သေချာတာတစ်ခုကတော့ မျက်လုံး စိမ်းနှင့် သတ္တဝါ သည် မလိုလားစရာ အလွန်ကောင်းသည်။
ကျွန်တော်ပြောချင်သော မျက်လုံးစိမ်းနှင့် သတ္တဝါမှာ အင်္ဂလိပ် ဘာသာဖြင့် Green-eyed Monster ကို တိုက်ရိုက် ပြန်ထားခြင်းဖြစ် သည်။ အင်္ဂလိပ်တို့က မနာလိုစိတ် (Jealousy) ကို ထိုသို့တင်စားခေါ်ဝေါ် ခြင်းဖြစ် သည်။ Green with envy “မနာလိုစိတ်တို့ ထိပ်တက်ဆောင့်” သည်ဟုလည်း သုံးတတ်ကြသည်။ မနာလိုစိတ်ကို အစိမ်းရောင်နှင့် အင်္ဂလိပ်တို့ ဘာကြောင့်ရည်ညွှန်းသည်ကိုကား ကျွန်တော် မသိပါ။ ကျွန်တော် သိ တာက မျက်လုံးစိမ်းတို့ကို ကျွန်တော် မနှစ်မြို့။ ကိုယ့်ကိုယ် လည်း အကြည့်မခံချင်၊ ကိုယ်ကလည်း မကြည့်ချင်။ မျက်လုံးစိမ်းတို့ ကိုယ်ပေါ်သို့ ရောက်နေလျှင် စိတ် မသိုးမသန့် ခံစားရတတ်သလို မိမိမျက်လုံး စိမ်းနေလျှင်လည်း မိမိကိုယ်ကို အောက်တစ်ဆင့်ရောက် သွားသကဲ့သို့ ခံစားရသောကြောင့်ပင်။ ကိုယ်ပိုင်သည့် မျက်လုံးအစုံ စိမ်းသွားမှာတော့ ပိုကြောက်သည်။
အခြားသူ၏ မျက်လုံးစိမ်းသည်မှာ သူ့စိတ်အခံနှင့် ပိုဆိုင်ပြီး မိမိမျက်လုံးမှာ မိမိနှင့် ပိုဆိုင်သည်။ မိမိမျက်လုံး စိမ်းသွား လျှင် ထိုမျက်လုံး ရစ်ဝဲခံရသောသူသည် မိမိထက် တစ်နေရာရာတွင် သာသည်ကို ဝန်ခံလိုက်သလို ဖြစ်သွား သည်။ ဆိုလိုသည်မှာ မိမိက သူ့လောက်အဆင့် မရှိကြောင်း မိမိကိုယ်ကို ကြေညာလိုက်ခြင်းပင်။ စေ့စေ့ တွေး ကြည့်လျှင် အတော်အခံရခက်လိမ့်မည်။ မနာလိုခြင်းမှာ ခေတ္တခဏသာ ကြာသည် ဖြစ်စေ မုန်းတီးခြင်း တစ်မျိုး ပင်ဖြစ် သောကြောင့် မိမိမုန်းသောသူသည် မိမိထက်သာနေသည်ဟု သိလိုက်ရခြင်းမှာ ကသိကအောက် နိုင်လှပေမည်။
သို့သော် မိမိမျက်လုံးစိမ်းသွားမှန်း သိလိုက်ရန် မလွယ်။ စက္ကန့် ပိုင်း မိနစ် ပိုင်း လောက်မျှသာ ကြာတတ်သလို လူဆို သည် မှာ မိမိစိတ်ကို သိလေ့မရှိသောကြောင့် မျက်လုံးစိမ်း မစိမ်း မသိလိုက်တတ်။ မိမိထက် ရုပ်ဖြောင့်လျှင် မျက်လုံး စိမ်းတတ်သလို မိမိထက် ငွေကြေး သုံးစွဲနိုင်လျှင် မျက် လုံး စိမ်းတတ်ပြန်သည်။ ပညာတော်နေလျှင်၊ ဆန့်ကျင်ဘက် လိင်တို့၏ အရေးပေးအလွန်ခံနေရလျှင်၊ ရာထူးရာခံ ကြီးမြင့်နေ လျှင် စသည်စသည် မိမိထက် တစ်ခုခုသာသူနှင့်တွေ့လျှင် မျက်လုံးတို့ စိမ်းသွား တတ်သည်။
မျက်လုံးစိမ်းခြင်းမှာ လူတို့၏ မွေးရာပါဖြစ်ပုံရသည်။ အုပ်စုဖွဲ့ နေတတ်သော သတ္တဝါ (Social Animal) ဖြစ်သည့် လူတို့တွင် အဖွဲ့ ကောင်းစားရေးဟူသော ညဉ်ကလေးရှိသလို အဖွဲ့တွင်း မိမိအခြေ အနေကောင်းရေး ညဉ်ကလေးလည်း ရှိနေသည်။ ထို့ကြောင့် မိမိထက် သာသူတွေ့လျှင် မနာလိုစိတ်ဖြစ်ပေါ်ရသည်။ မနာလိုစိတ် အားကြီး လာသောအခါ ထိုသူကို တစ်နည်းနည်းဖြင့် နိမ့်ကျသွားအောင် လုပ် လိုစိတ်၊ ပြိုင်ဆိုင်လို စိတ်ပေါ်လာမည်။ အုပ်စုတွင်းတွင် မိမိအခြေ အနေကောင်းအောင် ကြိုးစားရန် စေ့ဆော်ချက်တစ်ခုပင်။ သို့သော် ယင်းသည် ငါနိုင်လျှင် သူရှုံး၊ သူနိုင်လျှင် ငါရှုံး Zero Sum သဘော တရား ဖြစ်နေသည်။ မိမိအခြေ အနေကောင်းရန် ကြိုးစားရင်းဖြင့် အုပ်စု အကျိုးစီးပွား ကျဆင်းသွားတတ်သည်။
မျက်လုံးစိမ်းခြင်းမှာ တကယ်တမ်းတော့ ကာယကံရှင် စိမ်းသူ တို့အဖို့ အတော်ပူလောင်ပါသည်။ နိပါတ်တော်လာ ရွဲကုန်သည်ဇာတ် တွင် ဘုရားလောင်းရွဲကုန်သည် ရွှေခွက်ကြီးရသွားသည်ကို ဒေဝဒတ် လောင်းရွဲကုန် သည် မနာလိုစိတ် ကြီးမားစွာဖြစ်ရာမှ နောက်ဆုံး နှလုံးကွဲကာ သေပွဲဝင်ခဲ့ရသည် အထိ။ ဒေဝဒတ်လောင်း၏ စိမ်းသွား သောမျက်လုံးသည် သေရာသို့ပါ ပါသွားပြီး ထိုဘဝမှစသောအငြိုးသည် ဘုရားလောင်းနှင့် ဒေဝဒတ်ကြုံသည့်ဘဝတိုင်းထိ တောက်လျှောက် လိုက်ပါသွားခဲ့သည်။ ဒေဝဒတ်သည် အလားအလာကောင်း ပါလျက်နှင့် သူ့ဘဝသည် ဘုရားလောင်းကို ဖျက်လိုဖျက်ဆီးလုပ် ခြင်းဖြင့်သာ သံသရာတစ်လျှောက် အချိန်ကုန်ခဲ့ရခြင်းမှာ မျက်လုံးကို မထိန်းနိုင်သောကြောင့်ပင်ဖြစ်သည်။
အပူဆိုသည်မှာ လူတစ်ဦးမှတစ်ဦးသို့ အလွယ်တကူ ကူးသည် ဖြစ်ရာ မျက်လုံးစိမ်းရှင်များနှင့် တွေ့ကြုံဆက်ဆံနေရသူများအတွက် မှာလည်း ပူလောင်လှသည်။ ပူလောင်ရုံဖြင့်မပြီး၊ ထိုသူတို့နှင့် လက်တွဲ လုပ်ကိုင် ရသော မိသားစုရေး၊ အလုပ်အကိုင်၊ တိုင်းရေးပြည်ရေး စသည် တို့တွင်ပါ အခက်အခဲများစွာ ကြုံရသည်။ မျက်လုံးစိမ်းသွားပြီဆိုလျှင် ခံစားချက်ကဲ (Emotional) နေသည့်အတွက်ကြောင့် အကျိုးသင့် အကြောင်းသင့် မစဉ်းစား (Rational) နိုင်တော့။ ရှေ့မတိုးနိုင်ခြင်း၊ မကွဲသင့်ပဲကွဲ၊ မပြဲသင့်ပဲပြဲခြင်းများ၏ လက်သည်ကိုကြည့်လျှင် နောက်ကွယ်တွင် များသောအားဖြင့် Green-eyed Monster ရှိနေ တတ်သည်။ 
မိမိကိုယ်ကို ယုံကြည်မှု မရှိသူများ၊ စိတ်တွင် လုံခြုံမှုမရှိသူများ (Insecure) ၏ မျက်လုံးများသည် အလွယ်တကူ စိမ်းလေ့ရှိသည်။ အရည်အချင်း နည်းသောသူတို့လည်း မျက်လုံးများ ခပ်မြန်မြန် စိမ်းတတ်သည်။ သို့သော် အရည်အချင်းနည်းတိုင်း မျက်လုံးစိမ်းလွယ် သည်ကားမဟုတ်။ စိတ်ထားတတ်လျှင် မျက်လုံးစိမ်းနှုန်းကို ထိန်းထားနိုင်ပေသည်။ ပြိုင်ဆိုင် လိုစိတ် အလွန်ကြီးသူများသည်လည်း မျက်လုံးစိမ်း လွယ်တတ်သည်။
တစ်ဖန် မျက်လုံးစိမ်းတတ်သူများသည် “ရေတွင်းထဲမှ ဖား သူငယ်” ကဲ့သို့ နယ်ကျဉ်းသူ၊ အမြင်ကျဉ်းသူများဖြစ်တတ်သည်။ သူတို့သည် နေရာ ကွက်ကွက်လေးတွင်သာ နေရာရရေး ပြိုင်ဆိုင်တတ် သူ များဖြစ်သည်။ အပြင် လောက ကျယ်ကို မသိ၊ စိတ်လည်း မဝင်စား။ အပြင် လောကကိုသာ လှမ်းကြည့်လျှင် မိမိ ပြိုင်ရမည့်သူများသည် မြန်မာများ သာမကဘဲ ဗီယက်နမ်များ၊ ထိုင်းများ၊ ဂျပန်များဖြစ်သည်ကို သိသောကြောင့် မနာလိုစိတ် နည်းသွားပေမည်။
သို့သော် မနာလိုစိတ်ကိုယ်၌က နှိုင်းယှဉ်ခြင်း Comparing မှ လာသည်ဖြစ်ရာ အနီးအနားမှ သူများကြောင့်သာ မနာလိုစိတ် ဖြစ်ပေါ် ပေသည်။ အကောင်အထည်ကို အလွယ်တကူ မြင်ရသူများနှင့် မိမိကိုယ် ကို နှိုင်း ယှဉ်ရန် အလွယ်ဆုံးမဟုတ်ပါလား။ အဝေးမှလူ၊ မိမိက ရှိမှန်းပင် မသိသောသူကို မနာလို မည်သို့ဖြစ်နိုင်မည်နည်း။ အိမ်နီးနား ချင်းအချင်းချင်း၊ လုပ်ဖော်ကိုင်ဖက်အချင်းချင်း၊ သူငယ်ချင်းအချင်းချင်း၊ ဆွေမျိုး အချင်း ချင်း အကြားတွင်သာ မနာလိုစိတ်ဖြစ်လေ့ရှိသည်။ ထို့ကြောင့် မျက်လုံးစိမ်းတို့သည် မိမိအမြဲတွေ့ကြုံနေသူများ၊ မိမိချစ်ခင် သူများ၊ မိမိဘဝထဲမှ ပုဂ္ဂိုလ်များထံ လာဖို့သာများရာ ကျောချမ်းစရာ ပင်။ သို့သော် မျက်လုံး စိမ်း၏ သဘောသဘာဝကိုယ်၌က အနီးသို့သာ ကြည့်တတ်ရာ မည်သို့ရှောင်ရှားမည်နည်း။ မျက်လုံးစိမ်းကို ရှောင်ဖို့ရန်ကား မလွယ်ပါ။ လူ့အသိုင်းအဝိုင်း ရှိသမျှ မျက်လုံးစိမ်းတို့ ရှိနေမည်ဖြစ်သည်။ သို့သော် မျက်လုံး စိမ်း လွယ်သော အသိုင်းအဝိုင်းနှင့် စိမ်းခဲသော အသိုင်းအဝိုင်းဟူကား ရှိနေပါသည်။ စိတ်ကောင်းရှိသူ၊ မရှိသူ၊ ဆောင့်ကြွားကြွားနိုင်သူ၊ မနိုင်သူ မည်သူ့ကိုမဆို မျက်လုံးစိမ်းတို့ ရစ်ဝဲလာနိုင်သော်လည်း စိတ် ကောင်းရှိသူ၊ နှိမ့်ချတတ်သူသည်မူ မျက်လုံးစိမ်းတို့ဒဏ်မှ ယေဘုယျအားဖြင့် သက်သာနိုင်သည်။ မျက်လုံးစိမ်းနှင့် အကြည့်ခံရခြင်းမှာ အခြားသူများ၏ အသိအမှတ်ပြုခံရခြင်း တစ်မျိုးလည်းဖြစ်သည်။ မိမိထံတွင် ထိုသူတပ်မက် သတိထားစရာ မျက်လုံးစိမ်းနှင့် သတ္တဝါ သောအရာတစ်ခုခု ရှိနေခြင်းကို ထိုသူကိုယ်တိုင်က အသိအမှတ် ပြုလိုက်ခြင်းသဘော ဖြစ်သည်။ မျက်လုံးစိမ်းဖြင့် ကြည့်လိုက်သည်နှင့် အကြည့်ခံရသူသည် မိမိထက် တစ်ဆင့်တက်သွားပေသည်။
မျက်လုံးစိမ်းကို ရင်ဆိုင်ရခြင်းသည် မနှစ်မြို့ဖွယ်ဖြစ်သည်။ သို့သော် မျက်လုံးစိမ်းကို ကြောက်သောကြောင့် မိမိကိုယ်ကို လျှိုလွန်း ခြင်းမျိုး၊ နှိမ့်ချသင့်သည်ထက် အလွန်အမင်း နှိမ့်ချခြင်းမျိုးကိုမူ မလုပ် သင့်ပါ။ မျက်လုံးအလွယ်တကူစိမ်းတတ်သောသူတို့သည် စိတ်မလုံခြုံသောသူများဖြစ်ရာ သူတို့ကို ကရုဏာမသက်လျှင် သော်မှ သူတို့၏ စိတ်အခြေခံကို နားလည်လျှင် မိမိတွင် တန်ပြန် ဒေါသ ဖြစ်ခြင်း လျော့သွား မည်။ အကြည့်ကို ရှောင်လွှဲခြင်းထက် မိမိမျက်လုံးမစိမ်းရေးကို အဓိက ထားသင့်သည်ဟု ကျွန်တော်ထင်သည်။ အထူးသဖြင့် ပေတံကိစ္စဖြစ်သည်။ မိမိ၏တန်ဖိုးကို ဘာပေတံဖြင့် တိုင်းမ လဲ။ လူဆိုသည်မှာ မိမိတန်ဖိုးကို ဥဿုံတန်ဖိုး (Absolute Value) နှင့်တိုင်းခဲပြီး အခြားသူများနှင့် ယှဉ်ကာတိုင်း (Relative Value) တတ်သည်။ အရပ်ခြောက်ပေ ရှည်သော်လည်း မိမိအိမ်နီးချင်းက ခြောက်ပေ သုံးလက်မ ရှိနေလျှင် ပုသွားသည်ဟု ခံစားရခြင်းမျိုးဖြစ်သည်။ ထို့ကြောင့် အခြားသူနှင့် မတိုင်းလျှင် မိမိထက် ထိုသူသာစရာ မရှိတော့။ ထိုအခါ မျက် လုံးတို့ စိမ်းခွင့်မရှိတော့။
သို့သော် ပုထုဇဉ်သာဖြစ်နေသေးလျှင် မျက်လုံးတို့ စိမ်းမြဲစိမ်းနေလေ့ရှိသည်။ ကုစားရန်နည်းတစ်နည်းမှာ မိမိစိတ်ကို မိမိကြည့် တတ်အောင် လုပ်ထားခြင်းပင် (self-awareness ၊ self-reflection) မိမိစိတ်ကို မိမိ ကြည့်သော အလေ့အကျင့် လုပ်ထားလျှင် ဒေါသဖြစ်က ဒေါသဖြစ်မှန်းသိသည်၊ လောဘစိတ်ဖြစ်က လောဘဖြစ်မှန်းသိသည်၊ မနာလိုစိတ်ဖြစ်ပါက ဖြစ်မှန်းသိတတ်သည်။ သိလိုက်သည်နှင့် စိတ်၏ သဘောမှာ ရပ် သွား၊ ပျောက်ပျက်သွားသည်။ ထိုအခါ မနာလိုစိတ် အဓွန့်မရှည်တော့။
မိမိပတ်ဝန်းကျင်သည် မျက်လုံးစိမ်းလွယ်သော ပတ်ဝန်းကျင် ဖြစ်နေလျှင် နေရထိုင်ရ ကျဉ်းကြပ်သည်။ အဓိကအလုပ်ထက် မျက်လုံးတို့ စိမ်းလာမည်ကို သတိထားနေရသဖြင့် အလုပ်အကိုင် မပြောင်မြောက်တော့။ မျက်လုံးစိမ်းခြင်းသည် လူမျိုးအလိုက် အတွေ့ ရများသော စရိုက် လက္ခဏာ (National Character) ဖြစ်နေလျှင် အများအကျိုးအတွက် ပူးပေါင်းဆောင်ရွက်ရန် ခဲယဉ်းပြီး နိုင်ငံ ရှေ့သို့ ရွေ့ရန် ခဲယဉ်းပေမည်။ “တစ်ယောက်ကအစ တစ်ရာ” ဆိုသလို မျက်လုံး တို့ မစိမ်းလွယ်အောင် မိမိကစ သတိကပ်နိုင်ပါမူ “နေပျော်သောပတ်ဝန်း ကျင်” ကို ဖန်တီးနိုင်မည်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး ပူး ပေါင်း ဆောင် ရွက်နိုင်မည်ဖြစ်ကာ နိုင်ငံဖွံ့ဖြိုးရေးကိုပါ ဆောင်ကြဉ်းနိုင်လိမ့်မည်။ အရေး အကြီး ဆုံးမှာ မိမိမျက်လုံးတို့ အလွယ်တကူ မစိမ်းဖို့ပင်။
မင်းညှိစံ
source:ရိုးရာလေး

0 comments:

Follow me

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons