လူထုအားလုံးက ထောက်ခံတယ်၊ ပြည်သူအားလုံးက ကြိုဆိုကြတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက် ငါးမင်းဆွေနဲ့တွေ့မှ ငါးပါးမှောက်တော့တာပါပဲ။ ငါးမင်းဆွေ ဆိုတာ ၁၉၇၅ ဦးသန့် အရေးအခင်း ကျောင်းသား လှုပ်ရှားမှုမှာ ခေါင်းဆောင်ငယ် တစ်ယောက်ဖြစ်ပြီး အစိုးရ ရဲ့ ဖမ်းဆီး အပြစ် ပေးခြင်းကို ခံခဲ့ရတဲ့သူပါ။ ငါးမင်းဆွေဟာ ဒီနေ့ (နို ၂၅) မနက် ၁၁ နာရီမှာ ဒီချုပ်ရုံးချုပ် ရှေ့ကို သွားပြီး ဒေါ်အောင်ဆန်းစုကြည်ကို နားမျက်စိ မပိတ်ပါနဲ့၊ မော်နီတာ ဂျာနယ်က ငါးမင်းဆွေ၏ မေတ္တာလမ်းစဉ်မှ တပါး အခြားမရှိပါ ဆောင်းပါးအား ဒေါ်အောင်ဆန်းစုကြည်သို့ ပို့ပေးပါ ဆိုတဲ့ စာသား ရိုက်ထားတဲ့ တီရှပ်ဝတ်၊ သူ့ဆောင်းပါး မိတ္တူတွေကို လက်ကကိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် တောင်းခဲ့ပါတယ်။
ပြန်လွတ်လာ ပြီးထဲက တွေ့ဆုံ ဆွေးနွေးမယ်။ ဒီမိုကရေစီ လိုလားသူ အားလုံးက လုပ်ဖော် ကိုင်ဘက်ပါ။ ပြည်သူတွေရဲ့ အသံကို ကြားချင်ပါတယ် ဆိုပြီး လေလုံးမိုးလုံး ထွားခဲ့တဲ့ ဒေါ်စုနဲ့ သူ့တပည့်တွေက ရုံးရှေ့ ရောက်လာတဲ့ ငါးမင်းဆွေကို ဘယ်လိုလုပ်တယ် ထင်ပါသလဲ။ ဒေါ်စုအနားမှာ သူတို့ကိုယ် သူတို့ အမေရိကန် သမ္မတနားက လုံခြုံရေးတွေလို ထင်တစ်လုံးနဲ့ လက်ကားယား၊ ခြေကားယား၊ ဟိုတွန်း၊ ဒီတွန်း လုပ်နေတဲ့ မောင်တွေက ငါးမင်းဆွေကို ရုံးရှေ့ကနေ ဆွဲထုတ်ဖို့ လုပ်သတဲ့။ ရုန်းရင်းဆန်ခတ် ဖြစ်ပြီး ဘေးကလူတွေ ဝိုင်းလာမှ ဗိုလ်ကြီးဟောင်း ဝင်းထိန် ထွက်လာပြီး အထဲဝင်ခိုင်းပါတယ်။ အထဲရောက်တော့ ဝိုင်းပြီး သက်ကြ ဖြတ်ကြတော့မယ့် ပုံစံတွေနဲ့ ကြည့်ကြပါတယ်။ တစ်ရုံးလုံးက လူတွေအားလုံးခေါ်ခိုင်းပြီး ဝိုင်းထားပါတယ်။
ငါးမင်းဆွေက ဒေါ်အောင်ဆန်းစုကြည် ဖတ်ဖို့ ဆောင်းပါးပေးချင်တဲ့ အကြောင်းနဲ့ အဲ့ဒီဆောင်းပါးမှာ ဒေါ်စုအကြောင်းပါပြီး အဲ့ဒီထဲမှာ မှားနေတာတွေ ရှိရင်လည်း ပြန်ပြီး ပြောနိုင်တဲ့ အကြေင်း ပြေပြေလည်လည် ပြောပြီး ဆောင်းပါးပေးလိုက်ပါတယ်။ အဲ့ဒါကို ဗိုလ်ကြီးဟောင်း ဝင်းထိန်က ဆောင်းပါးမှာ ဒေါ်စုကြည် လို့ ရေးထားလို့ အထက်ကို တင်ပြမှာမဟုတ်ဘူးလို့ ပြောပါတယ်။ တကယ်တော့ အမှန်တရားတွေကြောင့်ပါ။ ဒေါ်စုကြည်မကလို့ ဒေါ်စုလို့ ရေးရင်လည်း အကြောင်းမဟုတ်ပါဘူး။ ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အပြစ်ရှိလို့ အပစ်ပေးခံရပြီး အကျယ်ချုပ်က ထွက်ခါစ သာမန် လူတစ်ယောက်ပါ။ ဒါကို နာမည် တပ်တာ အကြောင်းပြပြီး ငြင်းပါတယ်။ ဆောင်းပါးကိုတော့ ယူထားပါမယ်တဲ့ ဒါပေမယ့် ဆောင်းပါးမှာ ဒေါ်စုကြည်လို့ ရေးထားလို့ ဒေါ်စုကို မပြနိုင်ပါဘူးတဲ့။ ဘာမှတောင် အာဏာမရသေးပဲနဲ့ NLD မှာ ပြည်သူထဲက ပြည်သူတစ်ယောက်ပေးတဲ့စာက အထက်ကို မရောက်ချင်တော့ပါဘူး။ အာဏာများရသွားရင်တော့ ပြည်သူတွေ က ပေးသမျှ စာမှန်သမျှ NLD ရုံး အစောင့်တွေကပဲ အိမ်မှာ စု ထားပြီး ပိဿာချိန် နဲ့ ပြန်ရောင်းစားမယ့်အနေအထား ရှိပါတယ်။ နိုဝင်ဘာ (၁၅) ရက်နေ့တုန်းကလည်း NLD ဒရဝမ် လိုလို ဗီလိန်လိုလိုနဲ့ နိုင်ငံကောင်းအောင် လုပ်ပါမယ် ဆိုတဲ့ လူတွေက သတင်းထောက်တွေကို ဆဲဆိုကြိမ်းမောင်း လိုက်ပါသေးတယ်။ လုပ်ပြန်ပါပြီ။
ဒေါ်အောင်ဆန်းစုကြည် အကြောင်းရေးထားတာကို ဒေါ်အောင်ဆန်းစုကြည် သိမှ ဖြစ်မည့်အကြောင်းနဲ့ မဟုတ်ဘူးဆိုရင် လူသိရှင်ကြား ကန့်ကွက်လျှင်သော်လည်းကောင်း၊ ငါးမင်းဆွေကို ရှုံ့ချလိုလျှင်သော်လည်း ကောင်း လုပ်နိုင်ကြောင်း ပြောပြပါတယ်။ အဲ့ဒီနောက်မှာမှ ဗိုလ်ကြီးဟောင်း ဝင်းထိန်က ယူတော့ ယူထားလိုက်မယ်၊ ဒေါ်စု ဖတ်မဖတ်တော့ မတတ်နိုင်ဘူး ဆိုပြီး ရတိပြတ် ပြောကာ ပြန်လွှတ်လိုက်ပါတယ်။ တခြား ရုံးထဲက အဖွဲ့ဝင်တွေကလည်း မြည်တွန်တောက်တီးလိုက်ကြပါသေးတယ်။ အဲ့ဒီလူတွေ အာဏာရသွားရင်တော့ မြန်မာနိုင်ငံရဲ့ အနာဂတ်ကတော့ ရင်လေးစရာပါပဲ။
၇ နှစ်လုံးလုံး ပြည်သူ့စကားတွေ နားထောင်နေပါတယ်၊ ပထမဆုံး မိန့်ခွန်းမှာတောင် ပြည်သူ့အသံတွေ ကြားချင်ပါတယ် ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နာမည်မကြိုက်လို့ အထက်ကို မတင်နိုင်ပါဘူးဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပါတီ တို့ကိုတော့ ဘယ်လိုနားလည်ရမှန်း မသိတော့ပါဘူး။ ဒေါ်စု ပြောတဲ့ တွေ့ဆုံ ဆွေးနွေးရေး၊ ဒေါ်စု ကြားချင်တဲ့ ပြည်သူ့အသံ ဆိုတာတွေက တကယ်တော့ သူအကြိုက် လိုက်ပြောမယ့် အနားပြာတွေရဲ့ အသံ။ ဒေါ်စု မူဝါဒတွေ၊ ဒေါ်စု အကျင့်စရိုက် တွေကို မသိဘဲ ဗိုလ်ချုပ် သမီးလေးဟဲ့ ဆိုတဲ့ ထင်တလုံးနဲ့ လာကြည့်ပြီး လက်ခုတ်တီးသူ တွေရဲ့ အသံပဲ ဖြစ်နေတယ်ဆိုတာ မထင်ရှား ဘူးလား။ သူနဲ့ ကွဲလွဲတဲ့ သဘောထားကို တင်ပြမယ့်သူ၊ တင်ပြထားတဲ့စာ ဆိုရင် မကြည့်ချင်၊ မမြင်ချင်တဲ့ သဘော၊ မတွေ့ရဲ၊ မကြားရဲတဲ့ သဘော ဖြစ်မနေဘူးလား။ တနည်းအားဖြင့် တကယ့် ပြည်သူ့အသံကို ကြားရမှာ၊ တကယ် ပြည်သူတွေနဲ့ တွေ့ရမှာကို ဒေါ်စု ကြောက်နေတယ် ဆိုတာ ထင်ရှားတယ်။ ဒါဟာ ဒီမိုကရေစီ ခေါင်းဆောင်တစ်ဦးရဲ့ စရိုက် မဟုတ်ဘူး။ ဒီမိုကရေစီ ခေါင်းဆောင်ဆိုတာ ကွဲလွဲတဲ့ အမြင်တွေ ကိုလည်း နားထောင်နိုင်ရမယ်။ ဆွေးနွေး နိုင်ရမယ်။ ဒါတွေ မလုပ်နိုင်ဘဲနဲ့ လျှာဖျားလေးနဲ့ ဒီမိုကရေစီ ပြောနေတာကတော့ ငါ ပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့ ဆိုတာထက် မပိုဘူး။
NLD ရုံးမှ ပြန်ထွက်လာပြီးနောက် ငါးမင်းဆွေ က မြန်မာနိုင်ငံ ကို စီးပွားရေး ပိတ်ဆို့မှုဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည် လုပ်နေကြောင်းနဲ့ အဲ့ဒီစီးပွားရေး ပိတ်ဆို့တယ်ဆိုတာ ပြည်သူတွေကို သက်သက် ဒုက္ခပေးနေခြင်းဖြစ်သလို အကြမ်းဖက် ခြင်းဖြစ်ကြောင်း၊ အဲ့ဒီအကြောင်းတွေကို ဂျာနယ်ထဲမှာ အပြည့်အစုံရေးထားကြောင်း ပြောပြရာ ပြည်သူများက ဂျာနယ်များကို အတင်း တောင်းရမ်း ဖတ်ကြလို့ ပါလာတဲ့ ဂျာနယ် တစ်ထပ်ကြီးက ခဏ နဲ့ ကုန်သွားခဲ့ရပါတယ်။
နိုဝင်ဘာ ၁၅ ရက်နေ့က သတင်းထောက် တစ်ဦး ပို့လိုက်တဲ့ စာအပြည့်အစုံကတော့
ဒီနေ့လေ အန်အယ်ဒီရုံးက လူငယ်တွေက သတင်းထောက်တွေကို ဆဲတယ် သိလား။ ရုံးခန်းထဲကို လုံးဝပေးမ၀င်ဘူး။ အဲဒါ သတင်းထောက်တွေ ပွစိပွစိ ဖြစ်ကုန်ရော။ သူတို့ လက်ထဲတောင် အာဏာ မရောက်သေးဘူး ဒီလို ဖြစ်ကုန်ပြီ ဆိုပြီးတော့။ ကျနော်လည်း တော်တော် ဒေါပွသွားတယ်။
သတင်းထောက်ကို ပါးစပ်နဲ့ ကောင်းကောင်းပြောလို့ ရပါတယ်။ ဆဲစရာ မလိုဘူး။ ပြီးတော့ မောင်းထုတ်တာ တော်တော် ကြမ်းတယ်။ အေပီတို့၊ အေအက်ဖ်ပီတို့ကလည်း တော်တော် မကျေမနပ် ဖြစ်သွားကြတယ်။ အားလုံးက စိတ်ပျက်သွားကြတယ်။ ဘီဘီစီနဲ့ အယ်လဂျာဇီးယားလည်း ပါတယ်။ ပြည်တွင်း သတင်းထောက် တယောက်က ဆိုရင် ကျနော်တို့က အန်တီ့ဆီကို လာပြီး သတင်းယူတာ စာပေစိစစ်ရေးက မလွတ်ဘူးဆိုတာ သိတယ်၊ ဒါပေမယ့် သတင်းသမားတာဝန် ကျေချင်တဲ့အတွက် လာယူတယ်လို့ ပြောတယ်။ ဒါကို မရိုက်ရဘူး ဆိုတော့ ပြည်တွင်း သတင်းထောက်တချို့ စိတ်တိုပြီး ပြန်ကုန်ကြတယ်။
သတင်းထောက်ဆိုတာ အန်တီ့ကို တွေ့ရင် ဓာတ်ပုံရိုက်မှာပဲလို့ပြောတော့ ခင်ဗျားတို့က လွန်လွန်းတယ်။ အန်တီ့ လုံခြုံရေးကို ကျနော်တို့က တာဝန် ယူထားရတာ ခင်ဗျားတို့ သတင်းထောက်တွေက သတင်းရဖို့ပဲ သိတယ်။ အဲဒီလိုတွေ ပြောတယ်။
အန်အယ်လ်ဒီ ရုံးမှာ သတင်းထောက်တွေ သတင်းဓာတ်ပုံတွေ ရိုက်ကြ သတင်းတွေရေးကြလို့ပဲ အားလုံးမြင်ကြရတာ။ မီဒီယာက လူပေါင်း သန်း ၆၀ ကျော် အတွက် ဆိုတာကို နားမလည်ဘူး။ အန်တီ့နားမှာ နေရတယ်ဆိုပြီး မာန်တွေတက်ကုန်တာ။ အံ့သြစရာပဲ။
ကျနော်တော့ ဒီနေ့ တရား တော်တော်ရသွားတယ်။ လုံခြုံရေးသဘောကို ကျနော်တို့ သိပါတယ်။ ဒါပေမယ့် သတင်းထောက်တွေက သူတို့နဲ့ မျက်နှာ ကျက်မိနေတဲ့ သူတွေပါပဲ။ အဲဒါကို ခွေးမောင်းသလို မောင်းထုတ်တာတော့ ကျနော်တို့လည်း မခံနိုင်ဘူး။ ကျနော်တို့ ဆိုတာ သူတို့က သတင်းပြောချင်လို့ပါ ဆိုရင် အချိန်မရွေး၊ နေရာမရွေး ထလုပ်ပေးခဲ့တဲ့ အမာခံလူတွေပါ။ အဲလို သတင်းသမားတွေပါ။
ဒါကို ဇွတ်ပြော၊ ဇွတ်ဟောက်လုပ်တာ။ သတင်းသမားတွေရဲ့ မျက်နှာတွေကို သူတို့ အားလုံးကျက်မိတယ်။ ထောက်လှမ်းရေးတွေရဲ့ မျက်နှာတွေကိုလည်း သူတို့ ကျက်မိတာပဲ။ ကျနော်က မနက် ၉ နာရီကနေ ညနေ ၄ နာရီထိ အဲဒီရုံးမှာရှိပြီး အားလုံးကို အစအဆုံး မြင်တွေ့ခဲ့ရတဲ့ သူပါ။ ဒီနေ့ ရုံးကိုလာတာ မီဒီယာသမားတွေချည်း ပါပဲ။
အန်တီ့လူတွေ လုပ်ပုံနဲ့ အန်တီ့ကိုတော့ ထိခိုက်တော့မှာပဲ။
အန်တီ့ လုံခြုံရေးကို သူတို့ စိုးရိမ်သလို ကျနော် တို့လည်း စိုးရိမ်ကြတာပဲ။ သူတို့ ချစ်ခင်သလို ကျနော်တို့လည်း ချစ်ခင်ကြတာပါပဲ။ ဒီမိုကရေစီလို့ ပြောနေတဲ့ နိုင်ငံရေးသမားတွေ ပါးစပ်က တကယ့် ဒီမိုကရေစီကို မတွေ့ရသလိုပဲ ခံစားလိုက်ရတယ်။ သူတို့ တကယ်ကော ဒီမိုကရေစီကို နားလည်ရဲ့လားလို့လည်း သံသယ၀င်မိပါတယ်။
ဒီစာတွေကိုတော့ အန်တီဖတ်မိ စေချင်ပါသေးတယ်။ ကျနော်လည်း စိတ်ထဲရှိတာတွေ အကုန်ပြောလိုက်ရလို့လား မသိဘူး နည်းနည်းတော့ ပေါ့သွားတယ်။
source by http://myanmarexpress.blogspot.com/2010/11/nld.html

0 comments:
Post a Comment