လာရောက်ဖတ်ရှု့ သွားသူပေါင်း

အားလုံးမင်္ဂလာပါ

13 March 2011

စာတွေထဲက ဇာတိပြတယ်နော

စာဖတ်ပရိသတ်တစ်ယောက်ကကျောင်းမှာ စိတ်ပညာယူခဲ့သလားဆိုတဲ့ မေးခွန်းတစ်ခုထူးထူး ဆန်းဆန်းမေးဖူးပါတယ်။ ရေးတဲ့စာတွေထဲမှာ လူ့စိတ်သဘောသဘာဝတွေကို လေ့လာဆန်းစစ် ပြလေ့ရှိပြီး အများအားဖြင့်လည်း အမှန်နဲ့ တော်တော်လေးနီးစပ်တာ သတိထားမိလို့ပါလို့ ပြောပါတယ်။
နလပိန်းတုံးအဆင့်
မေးလာသူ စာဖတ်ပရိသတ်က စိတ်ပညာ၊ ဒဿနိကဗေဒဘာသာရပ်များနဲ့ မဟာဘွဲ့ယူခဲ့တဲ့ အငြိမ်းစားဝန်ထမ်းကြီးတစ်ယောက် ဖြစ်ပါတယ်။ ကျောင်းမှာသိပ္ပံဘာသာတွဲတွေယူခဲ့တာကြောင့် စိတ်ပညာတို့၊ ဒဿနိကတို့နဲ့ ပတ်သက် ရင်နလပိန်းတုံးအဆင့်သာရှိကြောင်း  ပြောပြတော့ သူတော်တော်အံ့သြ တဲ့အကြောင်း ပြောပါတယ်။ သူ့လို ပဲ တခြားသူ သုံးလေးဦးကလည်း မေးတာခံရဖူးတယ်။ စာရေးတဲ့ နာမည်ကြီးဆရာတော် တစ်ပါးကလည်း အလားတူမိန့်ကြားခဲ့ဖူးတယ်။ ဆရာတော်က ”ဒကာကြီး ဝိပဿနာအလုပ် တော်တော်လုပ်ခဲ့သလား” လို့မေးတာပါ။ ရှက်ရှက်နဲ့ မလုပ်ဖူးသေးကြောင်း ဝန်ခံလိုက်ရပါတယ်။ ပိဋကတ်မြန်မာပြန်ကျမ်း တွေ အစုံလိုက်ဝယ်ပြီး ဖတ်ခဲ့ပေ မယ့်လက်တွေ့အားထုတ်မှုတော့ မပြုဖူးသေးပါဘူး။
မျက်စိကြုံဖတ်တဲ့စာ
အမေးခံရပါများတော့ ကိုယ့် ဟာကိုယ် ပြန်စဉ်းစားကြည့်ရတယ်။ ကျောင်းသားဘဝမှာသာမက တစ်သက်လုံးမှာလည်း စိတ်ပညာ စာအုပ်၊ ဒဿနိကစာအုပ်တွေ သေ သေချာချာဖတ်ခဲ့ဖူးတာ မရှိပါဘူး။ စာအုပ်စာစောင်တွေထဲမှာ ‘မျက်စိ ကြုံ’ ဖတ်လိုက်မိတာလောက်ပဲရှိ ပါတယ်။ လူ့စိတ်သဘောသဘာဝ ကို နည်းနည်းပါးပါး နားလည်သလို ရှိတာက ငယ်စဉ်ကတည်းက သြလနူ ခေါ် ဝတ္ထုရှည်ကြီးတွေ စွဲစွဲ မက်မက်ဖတ်ခဲ့တဲ့ ကျေးဇူးပဲဖြစ်လိမ့် မယ်လို့ ထင်မိတယ်။ ဝတ္ထုရှည်ကြီး တွေမှာက လူ့စရိုက်သဘာဝကို အထူးအလေးထားပြီး ရေးသားကြ တာ မဟုတ်လား။
စာရေးဆရာလို ဖတ်နိုင်တယ်
အသက် ခုနစ်ဆယ်တန်း ရောက်တဲ့အထိလည်း ဝတ္ထုရှည် ကြီးတွေရော ဝတ္ထုတိုတွေပါ တမင် တကာ အချိန်ယူပြီး ဖတ်နေဆဲဖြစ် တယ်။ ဝတ္ထုတွေကပေးတဲ့ရသကို ခံစားနှစ်ခြိုက်သလို၊ လူ့သဘာဝ၊ လူ့စရိုက်မျိုးစုံကိုလည်း ကောင်း ကောင်းလေ့လာနိုင်တယ်။ စာတွေ နေ့စဉ်မပြတ် ဖတ်နေတဲ့အတွက် ရ လာတဲ့ ကောင်းကျိုးကတော့ စာတွေထဲက လူတွေရဲ့စရိုက်သဘာဝ မျိုးစုံနဲ့ စာတွေထဲကပေးတဲ့ ဒဿန ပေါင်းစုံကို နားလည်သဘောပေါက် လာရုံသာမက ရေးတဲ့စာရေးဆရာ ရဲ့ စိတ်နေစိတ်ထားနဲ့ သူ့သဘော သူ့သဘာဝတွေကိုပါ ဖတ်ရှုနိုင်လာ ခြင်းဖြစ်တယ်။
စာတွေထဲက ဇာတိပြ
”စကားထဲက ဇာတိပြ” ဆို တဲ့ စကားရှိပါတယ်။ လူတစ် ယောက်ရဲ့ ပြောစကားတွေ နား ထောင်ရင်းနဲ့ အဲဒီလူဟာ ဘယ်လို လူစားမျိုးဖြစ်တယ်ဆိုတာ သိနိုင် တယ်လို့ဆိုလိုတာပါ။ စကားဆိုတာ ကသိပ်များသွားရင် မှတ်မိဖို့ မလွယ် လှဘူး။ စာဆိုတာကျတော့ ဘယ် အချိန်ကြည့်လိုက် ကြည့်လိုက် မျက်စိထဲမှာ အထင်းသား အရှင်း သားမြင် နေရတာဖြစ်တော့ စာတစ် ပုဒ်ဖတ် လိုက်တာနဲ့ စာဖတ်နာတဲ့ မျက်စိအဖို့တော့ စာရေးသူရဲ့ အ ကြောင်းကို ကောင်းကောင်းကြီး သိ သွားနိုင်တယ်။ အဲဒါကြောင့် ‘စာတွေ ထဲက ဇာတိပြ’လို့ ပြောရင်လည်း ရပါတယ်လို့ ဆိုချင်တယ်။
အင်္ဂဝိဇ္ဇာဆရာလို
စာတစ်ပုဒ်ကို ဖတ်လိုက်တာ နဲ့ ဝါရင့်စာဖတ်သူဟာ အင်္ဂဝိဇ္ဇာ ဆရာတစ်ယောက်လို စာရေးဆရာ ရဲ့ အကြောင်းကို အများကြီး ဟော နိုင်ပြောနိုင် ပါတယ်။ သူ့စာတွေထဲ ကနေပြီး အဲဒီ စာရေးဆရာဟာ ထင်ပေါ်ကျော်ကြား လူကြိုက်များ ပေါ်ပြူလာဖြစ်ချင်သူလား၊ ငါသိ၊ ငါ တတ်၊ ငါသိပ်တော် ဆိုတဲ့ ငါစွဲ အတ္တကြီးမားသူလား၊ ဝန်တို မစ္ဆရိယ စိတ်ကြီးမားသူလား၊ သိမ်ငယ်စိတ် လွှမ်းမိုးခံနေရသူလား၊ ဒါမှမဟုတ်  ဝင့်ဝါထောင်လွှား တတ် သူလား၊ စိတ်သဘောထားကြီးရင့်ပြည့်ဝသူ လား၊ ငါစွဲမရှိရင့်ကျက်သူလား၊ ပေါ် ပြူလာသမားမဟုတ်တဲ့ ရိုးစင်းသူလား ဆိုတာတွေကို ကွက်တိနီးပါး မှန်အောင် ပြောနိုင် ဟောနိုင်ပါ တယ်။
တောင်းပန်ရ၊ ဖြေရှင်းရ
အဲဒါကြောင့် စာရွက်ပေါ်မှာ အက္ခရာတင် ကျန်ရစ်စေတဲ့စာတွေ ကို ပြီးပြီးရော မရေးသင့်ကြဘူး။ ရေးပြီးမှ မှားလို့တောင်းပန်ရတာ၊ ဖြေရှင်းချက် ထုတ်ရတာဟာ စာရေး ဆရာရဲ့ ပြီးစလွယ်လုပ်တတ်တဲ့ စရိုက်ကိုဖော်ပြနေတဲ့ သဘောဖြစ် တယ်။ စာတစ်ပုဒ်စမရေးခင်က တည်းက သေသေချာချာ စဉ်းစား ပြီးမှ ရေးရင် တောင်းပန်စရာကိစ္စ၊ ဖြေရှင်းချက်ရေးရတဲ့ကိစ္စမရှိနိုင်ပါ ဘူး။ ‘စာတွေထဲက ဇာတိပြ’ တယ် ဆိုတဲ့အချက်ကို စာရေးဆရာတိုင်း သတိပြုသင့်ကြပါတယ်လို့ အကြံပြု လိုက်ချင်ပါတယ်။
လူထုစိန်ဝင်း

Source : http://popularmyanmar.com/mpaper/?p=1181

0 comments:

Follow me

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons