လာရောက်ဖတ်ရှု့ သွားသူပေါင်း

အားလုံးမင်္ဂလာပါ

31 August 2011

နိုင်ငံ့ဝန်ထမ်းများနဲ့  လွပ်လပ်စွာပြောဆိုခွင့်

လွတ်လပ်တဲ့ သတင်းစာနဲ့ သတင်းမီဒီယာ လုပ်ငန်းများဟာ နိုင်ငံတိုင်းနဲ့ လူမျိုးတိုင်း အတွက် အင်မတန် အရေးကြီးတယ် ဆိုတာကို တစ်ကမ္ဘာလုံး သိကြတယ်။ ဒီမိုကရေစီ နိုင်ငံတွေမှသိတာ မဟုတ်ဘူး။ အာဏာရှင်တွေလည်းသိ၊ ဖက်ဆစ်တွေလည်း သိတယ်။
စံတင်လောက်အောင်တော်တဲ့ ဟစ်တလာ

သိတဲ့အတွက် ဘယ်နိုင်ငံမှာမဆို အာဏာသိမ်းပွဲတစ်ခု ဖြစ်ပြီ ဆိုရင် သတင်းစာနဲ့ အသံလွှင့်ဌာနတွေကို အစိုးရရုံး သမ္မတအိမ်တော်၊ လွှတ်တော်တို့နဲ့အတူ အရင်ဆုံး သိမ်းပိုက်ကြတယ်။ ဒီမိုကရေစီ အစိုးရတွေက
သတင်းမီဒီယာရဲ့တန်ဖိုးကို သိပေမယ့်  တန်ဖိုး သိပ်ထားလေ့ မရှိကြဘူး။ သူတို့အတွက် အသုံးချလို့ ရရုံလောက်သာ နေရာပေးကြတယ်။ အာဏာရှင်တွေနဲ့ နာဇီတွေ ဖက်ဆစ်တွေကတော့ သတင်းမီဒီယာရဲ့ တန်ဖိုးကို ကောင်းကောင်းသိသလို ကောင်းကောင်းလည်း အသုံးချကြတယ်။ ဂျာမန်အာဏာရှင်ကြီး ဟစ်တလာဟာ သတင်းမီဒီယာကို အသုံးချတဲ့ နေရာမှာ စံတင်လောက်အောင် တော်တဲ့သူ ဖြစ်တယ်။ စစ်အတွင်း နာဇီ အသံလွှင့်ဌာနက လွှင့်လိုက်တဲ့ သတင်းတွေဟာ နာဇီတို့ရဲ့ စစ်ရေး အောင်မြင်မှုတွေကို အများကြီး အထောက်အကူ ပြုခဲ့တယ်။ ဒီအသံလွှင့်ချက်တွေကြောင့် ဂျာမန်တွေ ရေလက်ကြားကိုဖြတ်ပြီး နက်ဖြန်ပဲ လန်ဒန်မြို့ကြီးကို ရောက်တော့ မလိုလို၊ သန်ဘက်ခါပဲ လေထီးတပ်တွေ ရောက်လာတော့ မလိုလိုနဲ့ အင်္ဂလန် တစ်ကျွန်းလုံး ထိတ်လန့်ချောက်ချား ဖြစ်ကုန်ကြရတယ်။ စိတ်ဓာတ် စစ်ဆင်ရေးနဲ့ ၀ါဒဖြန့်ချိရေး တာဝန်ခံ ပြန်ကြားရေးဝန်ကြီး ''ဂိုဘယ်''ကို ဂျာမန်ပြည်သူတွေ အားလုံးနဲ့ နာဇီတပ်တွေကပါ ဖိန့်ဖိန့်တုန်အောင် ကြောက်ကြရတယ်။
ဟောရောရှိနဲ့ ဘန်ဇိုင်း

အာရှတိုက်က ဂျပန်ဖက်ဆစ်တွေလည်း အလားတူ အသံလွှင့်ဝါဒဖြန့် လုပ်ငန်းကို ကောင်းကောင်းကြီး အသုံးချခဲ့တာပါပဲ။ ''အာရှတိုက် သာတူညီမျှရေး'' နဲ့ ''မဟာအာရှ ထူထောင်ရေး''ဆိုတဲ့ တိုကျို အသံလွှင့်ဌာနရဲ့ ၀ါဒဖြန့်ချိရေး မှိုင်းလုံးကြီးတွေဟာ ဗြိတိသျှရဲ့ ကိုလိုနီ ထမ်းပိုးအောက်က ရုန်းထွက်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေခဲ့ကြတဲ့ အာရှနိုင်ငံအားလုံး အပေါ်မှာ အများကြီး ရိုက်ခတ်ခဲ့တယ်။ကျွန်တော်တို့ဆီမှာ ဘယ်လောက်ထိ သြဇာလွှမ်းမိုးခဲ့သလဲ ဆိုရင် ပါးရိုက်နားရိုက် အလုပ်ခံနေရတဲ့ကြားကတောင် လက်သီးဆုပ်ကို ဆန့်တန်းပြီး ''နီပွန်ဘိရုမာ ဘန်ဇိုင်း၊ ဘန်ဇိုင်း''လို့ အော်တဲ့အထိ ဖြစ်ခဲ့ရတယ်။ ဂျပန်စကား မတတ်ပေမယ့် မြန်မာလူမျိုးတိုင်း ''ယောရောရှိ'' နဲ့ ''ဘန်ဇိုင်း''တော့ ကောင်းကောင်း ပြောတတ်နေကြတယ်။
ဝန်ကြီးနဲ့ တန်းတူ

စစ်အေးကာလ တစ်လျှောက်လုံးမှာလည်း အရှေ့ဥရောပ နိုင်ငံအားလုံးမှာ သတင်းမီဒီယာလုပ်ငန်းကို ကောင်းကောင်း အသုံးချခဲ့တယ်။ ပရာဗဒါလိုတပ်စ်လို သတင်းစာနဲ့ သတင်းဌာနကြီးတွေရဲ့ အယ်ဒီတာချုပ်တွေဟာ ၀န်ကြီးတွေလောက်နီးပါး အာဏာ ရှိခဲ့ကြတယ်။ နိုင်ငံခြားကို စေလွှတ်တဲ့ သတင်းထောက်တွေ ဆိုရင်လည်း သံအမတ်ကြီးတွေနဲ့ တန်းတူလောက် သဘောထားကြတယ်။ တချို့ သတင်းထောက်တွေဆို သံအမတ်ကြီးတွေထက်တောင် သြဇာ ရှိကြတယ်။ စိတ်ချရတဲ့ လက်ရွေးစင်တွေကိုမှ ရွေးပြီး နိုင်ငံခြား သတင်းထောက် အဖြစ် စေလွှတ်တာ ဖြစ်တယ်။ အဲဒါကြောင့် ဒီလူတွေဟာ တော်လည်းတော်ကြတယ်။ နှမြောစရာ ကောင်းတာက လူတော်တွေရဲ့ အရည်အချင်းတွေ လုပ်ရည်ကိုင်ရည်တွေဟာ ပြည်သူလူထု အတွက် ဖြစ်ရမယ့်အစား သူတို့ပါတီရဲ့ အကျိုးစီးပွား အတွက် သက်သက် အဟောသိကံ ဖြစ်ပြီး ဆုံးရှုံးသွားရတာပဲ။


ပည်သူလူထုမှတစ်ပါး

ဒီမိုကရေစီ နိုင်ငံတွေက သတင်းစာဆရာ စစ်စစ်တွေကတော့ သူတို့ကို သတင်းစာဆရာအဖြစ် သတ်မှတ်လေ့ မရှိကြဘူး။ ၀ါဒါဖြန့်ချိရေး အရာရှိတွေလို့ပဲ သဘောထားကြတယ်။ သတင်းသမား ဆိုတာ ပြည်သူလူထုမှ တစ်ပါး ဘယ်သူ့သစ္စာခံမှ မဖြစ်ရဘူး ဆိုတဲ့ ပြဋ္ဌာန်းချက်ကို သိပ်အလေးထားကြတယ်။ သတင်းသမားစစ်စစ်ဟာ ပြည်သူလူထုရဲ့ မျက်နှာကလွဲပြီး ဘယ်သူ့ မျက်နှာမှ မကြည့်ရဘူး။ အစိုးရရဲ့ မျက်နှာကို မကြည့်ရသလို နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေရဲ့ မျက်နှာကိုလည်း မကြည့်ရဘူး။ ဘယ်သူ့ အထောက်အပံ့ကိုမှလည်း မခံယူရဘူး။ တစ်စုံတစ်ဦး ဒါမှမဟုတ် တစ်ပါတီ တစ်ဖွဲ့တစ်စည်းရဲ့ အထောက်အပံ့ကို ရယူ လက်ခံမိရင် ဘယ်နည်းနဲ့မှ ဖြောင့်မတ်မှန်ကန်တဲ့ သတင်းသမား မဖြစ်နိုင်တော့ဘူး။ ထောက်ပံ့ ကူညီတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်ရဲ့ မျက်နှာကို ငဲ့ကြည့်ရတော့မှာ အသေအချာ ဖြစ်တယ်လို့ ထောက်ပြလေ့ ရှိကြတယ်။
တန်ဖိုးထားလေးစား
ဒီလို ကျင့်ဝတ်တွေကို လိုက်နာ စောင့်ထိန်းတဲ့ သတင်းမီဒီယာတွေ ဆိုရင် စာဖတ်ပရိသတ် ပြည်သူလူထုကသာ မဟုတ်ဘူး အစိုးရတွေနဲ့ နိုင်ငံရေးသမားတွေကလည်း တန်ဖိုးထား လေးစားကြတယ်။ ထိုက်တန်တဲ့နေရာကို ပေးကြတယ်။ ရှေးက နယူး ယောက်တိုင်း၊ ၀ါရှင်တန်ပို့စ်တို့လို သတင်းစာတွေနဲ့ တိုင်းမ်မဂ္ဂဇင်းလို သတင်းမဂ္ဂဇင်းကြီးတွေက အယ်ဒီတာတွေ သတင်းထောက်တွေ မော်စကို သွားရင် ကရင်မလင်က ခေါင်းဆောင်ကြီးတွေ ကိုယ်တိုင်က လက်ခံ တွေ့ဆုံလေ့ ရှိတယ်။ မြန်မာပြည်မှာလည်း ဗိုလ်ချုပ်နေ၀င်း အစိုးရ လက်ထက်က ကျင်းပတဲ့ အလုပ်သမား ညီလာခံ တောင်သူလယ်သမားညီလာခံ ဆိုတဲ့ ညီလာခံကြီးတွေမှာ ဆရာကြီးရွှေဥဒေါင်းလို၊ ဆရာဇ၀နလို၊ ဆရာလူထုဦးလှလို အယ်ဒီတာကြီးတွေကို ရှေ့ဆုံးတန်း ဗိုလ်ချုပ်နေ၀င်းဘေးမှာ နေရာပေးပြီး ထိုင်စေတာ ဖြစ်တယ်။
သီလ၊သမာဓိ၊ သိက္ခာရှိရှိ

အခု အစိုးရ လက်ထက်မှာလည်း သမ္မတသစ် ဦးသိန်းစိန်ရဲ့ တိုင်းပြည်ကို ပြောကြားတဲ့ ပထမဆုံး မိန့်ခွန်းမှာတောင် စတုတ္ထမဏ္ဍိုင်ရဲ့ အရေးပါပုံကို အသိအမှတ်ပြု တန်ဖိုးထားပြီး ပြောကြားသွားခဲ့တယ်။ နောက်ပြောကြားတဲ့ မိန့်ခွန်းတိုင်းမှာလည်း စတုတ္ထမဏ္ဍိုင် အကြောင်း အမြဲလိုလို ပါခဲ့တယ်။ အစိုးရကိုယ်တိုင်က အခုလို အလေးအနက်ထား ပြောကြားနေချိန်မှာ သတင်းမီဒီယာသမားများ ဘက်ကလည်း သီလ၊ သမာဓိ၊ သိက္ခာရှိရှိနဲ့ ကိုယ့်တာဝန် ကိုယ်ကျေပွန်စွာ ထမ်းဆောင်ဖို့ လိုအပ်ပါတယ်။ ဗိုလ်ချုပ်နေ၀င်းဘေးမှာ နေရာပေးခံခဲ့ရတဲ့ သတင်းစာဆရာကြီးတွေလို သတင်းသမား ဒီနေ့ ဘယ်နှယောက်များ ရှိသလဲသို့ ကိုယ့်ဟာကိုယ် ဆန်းစစ်ကြည့်ကြဖို့ လိုတယ်။ အနာပေါ်တုတ်ကျ ဖြစ်ကြရင်လည်း မတတ်နိုင်ဘူး။ မှန်တဲ့အတိုင်း ပြောရမယ် ဆိုရင် လက်ချိုး ရေကြည့်တဲ့အခါမှာ လက်တစ်ဖက်တောင် ပြည့်အောင် မရှိပါဘူးလို့ပဲ ပြောလိုက်ပါရစေ။
ဒါလောက်မညံ့ဘူး

အစိုးရက အသိအမှတ်ပြု နေရာပေးတယ် ဆိုရင် ကိုယ့်ဘက်ကလည်း ထိုက်တန်အောင်တော့ ကြိုးစားရမှာ ဖြစ်တယ်။ အစိုးရ လုပ်သမျှအားလုံး ကောင်းပါသည်ခင်ဗျား လုပ်တိုင်း အစိုးရက သဘောကျပြီး နေရာပေးလိမ့်မယ် မထင်နဲ့၊ ဘယ်သူမှ ဒါလောက် မညံ့ဘူး။ ကောင်းတာကို ကောင်းတယ်ပြော၊ မကောင်းတာကို မကောင်းဘူးပြော၊ မှန်ရင်မှန်တဲ့အတိုင်း၊ မှားရင်မှားတဲ့အတိုင်း သိက္ခာရှိရှိ ပြောတဲ့ ရေးတဲ့ သူများကိုသာ လူတွေက လေးစားကြမှာ ဖြစ်တယ်။ သတင်းသမားကောင်းလို့ သတ်မှတ်ကြမှာ ဖြစ်တယ်။ ဥပမာအနေနဲ့ ပြောရရင် ဒီနေ့ အစိုးရက လက်နက်ကိုင် ပဋိပက္ခတွေ ရပ်စဲဖို့ ငြိမ်းချမ်းရေး အတွက် တွေ့ဆုံ ဆွေးနွေးဖို့ ဖိတ်ခေါ်ကမ်းလှမ်းတာဟာ ကောင်းတယ်။ ဒါကြောင့် ကောင်းတယ်လို့ ပြောရဲရမယ် ရေးရဲရမယ်။ ဧရာဝတီမြစ်ဆုံမှာ တည်ဆောက်မယ့် ဆည်ကြီးတွေ ကိစ္စကို ပြန်လည် သုံးသပ်လေ့လာနေပါတယ်လို့ ပြောတာ ကောင်းတယ်။ ကောင်းတယ်လို့ ထောက်ခံရဲရမယ်။ သမ္မတဦးသိန်း စိန်က ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံတွေ့ဆုံတာဟာ အင်မတန် ကောင်းတယ်။ ထောက်ခံကြိုဆိုရမယ်။ အထူးသဖြင့် ဗိုလ်ချုပ်ဓာတ်ပုံ ချိန်ဆွဲထားတဲ့ နေရာမှာ ဓာတ်ပုံတွဲ ရိုက်ပြီး တိုင်းပြည်က သိအောင်ပြလိုက်တာဟာ အစိုးရအနေနဲ့ ချစ်ကြည်ရင်းနှီးလိုစိတ် ရှိကြောင်း ပြသတဲ့ လက္ခဏာတစ်ရပ် ဖြစ်တယ်။ ၀မ်းသာအားရ ကြိုဆို ထောက်ခံရမယ်။
မကြောက်မရွံ့ထောက်ပြ

အလားတူပဲ မသင့်လျော်ဘူးလို့ ထင်မြင် ယူဆစရာများ ရှိရင်လည်း မကြောက်မရွံ့ ထောက်ပြရမှာ ဖြစ်တယ်။ ဥပမာ စက်မှု(၁)က မော်တော်ကားရောင်းတဲ့ကိစ္စမျိုး ဆိုပါတော့။ လောလောဆယ် လွှတ်တော် ကိုယ်စားလှယ်တွေကို ရောင်းပေးတယ်။ နောက်ကျရင် တတ်သိ ပညာရှင်တွေ၊ ပါမောက္ခတွေ၊ ဆရာဝန်တွေ၊ စာရေးဆရာတွေနဲ့ စာနယ်ဇင်းသမားတွေကို ရောင်းပေးမယ် ဆိုတဲ့ ကိစ္စမျိုးဟာ ဥပဒေရဲ့အထက်မှာ ဘယ်သူမှ မရှိစေရဘူး။ အခွင့်ထူးခံ လူတန်းစား မရှိစေရဘူး ဆိုတဲ့ သမ္မတကြီးနဲ့ လွှတ်တော် ဥက္ကဋ္ဌတို့ ပြောကြားခဲ့တဲ့ စကားတွေနဲ့ ဆန့်ကျင်နေတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရနဲ့လည်း ဖီလာ ဖြစ်နေတယ်။ ဒီမိုကရေစီ စနစ်မှာ အခွင့်ထူးခံ လူတန်းစားဆိုတာ လုံးဝ မရှိရဘူး။ စာရေးဆရာမို့ စာနယ်ဇင်းသမားမို့ သာမန် ပြည်သူတွေထက် ပိုပြီး အခွင့်အရေး မယူသင့်ဘူး ဆိုတာကို ထောက်ပြရမယ်။
ဘယ်မှမသွားသူတွေ ပြန်လာစေသင့်

ပလက်ဖောင်းပေါ်က လမ်းဘေးဈေးသည်တွေ အားလုံးကို ရှင်းလင်း ဖယ်ရှားပစ်နေချိန်မှာ မီဒီယာကော်နာဆိုတဲ့ ဆိုင်ကြီးတွေက ထီးထီး ကျန်ရှိနေတာက မတင့်တယ်ဘူး။ အခွင့်ထူးခံတွေလို ဖြစ်နေတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပ ရောက်သွား သူတွေကို ပြန်လာခွင့် ပြုမယ်လို့ ပြောပေမယ့် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကိုချစ်လို့ ဘယ်မှထွက်မသွားဘဲ နေရစ်ခဲ့သူတွေကို ပြန်လာခွင့် မပေးသေးတာကတော့ မသင့်တော်ပါဘူးလို့ ထောက်ပြရမယ်။ ဒီလူတွေကို အိမ်ပြန်ခွင့် ပေးလိုက်မယ် ဆိုရင် တိုင်းသူပြည်သားအားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်သွားကြရမှာ ဆိုတာကိုလည်း ရေးရဲရမယ်။
 
ဝန်ထမ်းကြီးငယ်များပါ

နောက်ဆုံး ပြောချင်တာကတော့ လွတ်လပ်စွာ ထုတ်ဖော် ပြောကြားခွင့်၊ ရေးသားခွင့် ဆိုတာက ရိုးရိုး အရပ်သူ၊ အရပ်သားများသာ ခံစားခွင့်ရှိတာ မဟုတ်ဘူး။ တိုင်းသူပြည်သားတွေထဲမှာ ပါဝင်နေတဲ့ အရာထမ်း
အမှုထမ်းတွေမှာလည်း ခံစားခွင့်ရှိကြောင်း ၀န်ထမ်းကြီး ၀န်ထမ်းငယ် အားလုံး သိရှိအောင် လုပ်ပေးဖို့ လိုကြောင်း ထောက်ပြသင့်တယ်။ ရပ်ကွက်တစ်ခုမှာ လူသတ်မှု၊ ဒါမှမဟုတ် လုယက်မှု ဖြစ်တယ် ဆိုရင် ရပ်ကွက်မှာ တာဝန်ယူထားရတဲ့ ရဲစခန်းကို သတင်းထောက်က သွားမေးလိမ့်မယ်။ အဲဒီအခါ ရဲစခန်းက တာဝန်ရှိသူ ဘယ်သူမဆို ဖြစ်စဉ်အတိုင်း ဒါမှမဟုတ် ''ပထမ သတင်းပေး တိုင်ကြားချက်(FIR)မှာ ရေးမှတ်ထားတဲ့ အတိုင်း ပြောခွင့်ပေးထားလိုက်ရင် အထက်ဆင့်တွေထိ မလိုအပ်ဘဲ အလုပ်ရှုပ်စရာ မလိုတော့ဘူးပေါ့။
အလေ့အကျင့်လုပ်

အလားတူပဲ ရပ်ကွက်ထဲက မီးလောင်တဲ့သတင်းကို သက်ဆိုင်ရာ မီးသတ်ဌာနက တာဝန်ရှိသူက ဖြေလိုက်ပေါ့။ ဒီမိုကရေစီနိုင်ငံတွေမှာ ဗဟိုက ချုပ်ကိုင်တဲ့ သတင်းထုတ်ပြန်ရေး အဖွဲ့ ဆိုတာမျိုး ထားလေ့မရှိပါဘူး။ ဌာနဆိုင်ရာ ၀န်ထမ်းတိုင်း သူတို့ရဲ့ ၀တ္တရားနဲ့ တာဝန်ယူမှုကို မှန်မှန်ကန်ကန် ကျင့်သုံးတတ်အောင် အလေ့အကျင့် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာ ၀န်ထမ်းတွေနဲ့လည်း အကျုံးဝင်ကြောင်း ထောက်ပြသင့်တယ်လို့ ထောက်ပြ လိုက်ရပါတယ်။
လူထုစိန်ဝင်း

15 August 2011

တွေ့ ဆုံပွဲမှဆွေးနွေးပွဲသို့ (၂ )

ပြီးခဲ့တဲ့အပတ်က ထွက်လာတဲ့ ဂျာနယ်အားလုံးလိုလို ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြတဲ့သတင်းကို မင်္ဂလာသတင်းအဖြစ် ၀မ်းသာအားရ ဖော်ပြကြတယ်။ဒါတင်မက ဆောင်းပါးတွေရေးပြီးလည်း ကြိုဆိုထောက်ခံကြ တာ တွေ့ရတယ်။


အားလုံး ကြိုဆိုထောက်ခံ

ဂျာနယ်တချို့က နိုင်ငံရေးပါတီ အသီးသီးနဲ့ အလွှာပေါင်းစုံက ပြည်သူများရဲ့ အာဘော်ကို ဖော်ပြရာမှာအားလုံး အားတက်သရော ထောက်ခံကြတာ တွေ့ရတယ်။'အလဲဗင်း' အွန်လိုင်းသတင်းစာမှာ ဖော်ပြထားတဲ့စာရေးသူရဲ့'တွေ့ဆုံပွဲမှ ဆွေးနွေးပွဲသို့' ဆောင်းပါးကို ဖတ်ရှုပြီး ထင်မြင်ချက်ပေးသူ အားလုံးကိုလည်း ကြိုဆို ထောက်ခံကြတာကို ထူးထူးခြားခြား တွေ့ရတယ်။ အွန်လိုင်းမှာ ထင်မြင်ချက် ၀င်ပေးတယ်ဆိုတာက ဘယ်သူဘယ်ဝါ နာမည်မဖော်ဘဲ ရေးကြတာ ဆိုတော့ အားလုံး ထောက်ခံတာမျိုး ရှိခဲတယ်။ တစ်ခါတလေ မူရင်း အကြောင်းအရာကို သေးသိမ်သွားအောင် တမင်တကာ ၀င်နှောက်သူ တစ်ယောက်ကြောင့် ထင်မြင်ချက်ပေးသူချင်း ရန်ဖြစ်ကြတာနဲ့ပဲ အချိန်ကုန်သွားတာမျိုးတွေ ရှိတယ်။


နေနဲ့ လကို တသလို

ဂျာနယ်ဆောင်းပါးရှင်တွေရေးတဲ့ ဆောင်းပါးအားလုံးမှာလည်း တွေ့ဆုံပွဲမှတစ်ဆင့် အဓိပ္ပာယ် ပြည့်ဝပြီး အနှစ်သာရရှိတဲ့ ဆွေးနွေးပွဲများ ဖြစ်လာဖို့ မျှော်လင့်ကြောင်း သိသိသာသာ ဖော်ပြထားကြတယ်။ ပြည်သူအားလုံးကလည်း အလွန့်အလွန် လိုလား တောင့်တနေကြတယ်။ 'ကမ္ဘာဦးလူတို့ နေနဲ့လကို တောင့်တကြသလို'လို့ ပြောရင်တောင် ဒေါသသင့်ရာရောက်မယ် မထင်ဘူး။ ဘာကြောင့်လဲဆိုတော့ အသက် ၇၀ တန်း ရောက်နေပြီ ဖြစ်တဲ့ စာရေးသူတောင် ငြိမ်းချမ်းခြင်း စတဲ့ အမြိုက်အရသာတွေကို တစ်ကြိမ်တစ်ခါမှ ပြည့်ပြည့်၀၀ မခံစားခဲ့ရဖူးလေတော့ ငယ်ရွယ်သူတွေဆို ပိုဆိုးမှာပေါ့။

ကိုယ်စိတ်နှစ်ပါးချမ်းသာဖို့

ဒီခေတ် လူလတ်ပိုင်းနဲ့ လူငယ် အများစုက သန်းခေါင်ယံ အလည်လာသူများ (midnight visitors) များ ကြီးစိုးတဲ့ ခေတ်တစ်ခေတ်ကို ကြုံဖူးခဲ့ကြလေတော့ အခု ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံကြရာမှာ အရင် အကြိမ်တွေနဲ့မတူ သတင်းမီဒီယာတွေကို တွေ့ဆုံခွင့်ပေး၊ မေးတာကိုဖြေ လုပ်ခဲ့ရုံသာမက ပူးတွဲကြေညာချက်ပါ ထုတ်ခဲ့တာကြောင့် ဒီတစ်ကြိမ်တော့ တကယ်ထူးပြီ ဆိုပြီး ရွှင်လန်းအားရ ဖြစ်နေကြတယ်။ဒါတင်မက 'ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး အတွက် နှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပါသည်'ဆိုတဲ့ ပူးတွဲ ကြေညာချက်ကြောင့် ပိုပြီး အားတက်ကြရတာ ဖြစ်တယ်။


ဘာကိုလိုလားတောင့်တသလဲ

ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေးဆိုတာ ဘာလဲ။ ပြည်သူတွေက ဘာကို လိုလားတောင့်တ နေကြသလဲ။ မြန်မာနိုင်ငံရဲ့ ၈၀ ရာခိုင်နှုန်းလောက်ရှိတဲ့ ပြည်သူတွေဟာ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းနဲ့ စိုက်ပျိုးရေး ဆက်စပ်လုပ်ငန်းတွေမှာ ပါဝင် လုပ်ကိုင်နေကြပြီး ကျေးလက်ဒေသများမှာ နေထိုင်ကြတယ်။ အများစုက မူလတန်းနဲ့ အလယ်တန်း ပညာလောက်ပဲ သင်ခဲ့ကြရတယ်။ ကျေးလက် လူ့အဖွဲ့အစည်းမို့ အနေအထိုင် ရိုးသားတယ်။လိုအပ်မှုလည်း နည်းတယ်။ဆန်းပြား ထွေလီမှု(sophisticated) သိပ်မရှိဘူး။ အနေရိုးသလို သူတို့ရဲ့ လိုလား တောင့်တမှုလည်း ရိုးစင်းတယ်။ မြို့နေ ပညာတတ်တွေလို 'ပစ်တိုင်းထောင်ရုပ် ကြိုးရှုပ်အောင်' မလုပ်တတ်ကြဘူး။


ချစ်တီးကို ကြောက်ရသလို

ရှစ်ဆယ်ရာခိုင်နှုန်းမက ကိုးဆယ်ရာခိုင်နှုန်းလောက်ရှိတဲ့ သာမန် ပြည်သူတွေအားလုံးရဲ့ လိုလားတောင့်တချက်က မိရိုးဖလာ လုပ်ကိုင် စားသောက်နေတဲ့ အလုပ်အကိုင်လေးတွေကို အေးအေးချမ်းချမ်း အကြောက်အလန့်ကင်းကင်း လုပ်ကိုင် စားသောက်ပြီး နေချင်တာလောက်ပါပဲ။ ဒါထက် တစ်ဆင့်တိုးပြီး တောင့်တရမယ် ဆိုရင်တော့ ထွန်တုံးပိတ်ချိန်တွေမှာ ရှင်ပြုနားသ အလှူမင်္ဂလာတွေ၊ ဘုရားပွဲတွေ ပျော်ပျော်ပါးပါး ကျင်းပချင်တယ်။ လွတ်လွတ်လပ်လပ် သွားချင်လာချင်တယ်။ ပြောချင် ဆိုချင်တယ်။ ကြည့်ချင် မြင်ချင်တယ်။ ဒီမိုကရေစီတွေ၊ အော်တိုကရေစီတွေ၊ ဟိုလူးရှင်း၊ ဒီလူးရှင်းတွေကို နားမလည်ပါဘူး။ စိတ်လည်း မ၀င်စားပါဘူး။ ကိုယ့်လယ်လေး ကိုယ်စိတ်ချလက်ချ လုပ်ခွင့်ရရင်ပဲ ကျေနပ်ပါတယ်။ သူ့ကျွန်ဘ၀ နေရစဉ်ကလို ချစ်တီးက လယ်လာသိမ်းမှာကို တကြောင့်ကြကြနဲ့ ကြောက်လန့်နေရတဲ့ ဘ၀မျိုး ဘယ်သူမှ ပြန်မရောက်ချင်ကြတော့ဘူး။


ပဋိညာဉ် ကတိက၀တ်နဲ့

ကိုးဆယ့်ငါး ရာနှုန်းလောက်ရှိတဲ့ ပြည်သူတွေ လိုလား တောင့်တနေကြတဲ့ အေးအေးချမ်းချမ်း လုပ်ကိုင် စားသောက်နေနိုင်တဲ့ ဘ၀မျိုးကို အမြန်ဆုံး ရရှိအောင် ဆောင်ရွက်ပေးဖို့ အတွက် နိုင်ငံအုပ်ချုပ် မင်းလုပ်တဲ့ အစိုးရများနဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေမှာ လုံးဝ တာဝန်ရှိပါတယ်။ တိုင်းကျိုးပြည်ကျိုးနဲ့ ပြည်သူ့အကျိုးကို သယ်ပိုးထမ်းဆောင်ပါမယ် ဆိုတဲ့ ပဋိညာဉ် ကတိက၀တ်နဲ့ နိုင်ငံ့ဘဏ္ဍာက လစာ ရိက္ခာကို ရယူခံစားနေကြသူများ မဟုတ်လား။ ဒီတာဝန်ကို ကျေကျေပွန်ပွန် မထမ်းဆောင်နိုင်ရင် ပဋိညာဉ် ချိုးဖောက်ရာ ရောက်ပါတယ်။


အားလုံးရဲ့ တာဝန်

နိုင်ငံ့တာဝန်ဆိုတာ အင်မတန် ကြီးလေးတဲ့ တာဝန်ကြီး ဖြစ်တယ်။ အစိုးရဆိုတဲ့ အဖွဲ့အစည်း တစ်ခုတည်းအားနဲ့ မလုံလောက်ဘူး။ နိုင်ငံအရေး လုပ်မယ်ဆိုတဲ့ နိုင်ငံရေး အဖွဲ့အစည်း အားလုံး လူပုဂ္ဂိုလ်အားလုံး ပါဝင် လုပ်ဆောင်ကြဖို့ လိုတယ်။ သူ့အဖွဲ့ ကိုယ့်အဖွဲ့၊ သူ့လူကိုယ့်လူ၊ သူ့ဝါဒ ကိုယ့်ဝါဒဆိုတဲ့ ဂိုဏ်းဂဏ အမြင်တွေနဲ့ မကြည့်ဘဲ တိုင်းပြည်အတွက်ဆိုတဲ့ ပန်းတိုင် တစ်ခုတည်းကို ကြည့်ပြီး ဆောင်ရွက်ကြရမှာ ဖြစ်တယ်။ အထူးသဖြင့် ငါတို့မှ တိုင်းပြည်ချစ်တယ်၊ ငါတို့သာ တိုင်းပြည်ကို ကယ်တင်နိုင်တယ် ဆိုတဲ့ အတ္တစွဲနဲ့ မာန်မာန တိမ်သလ္လာဖုံးနေမှု တို့ကို လုံးဝ ဖယ်ရှားစွန့်ပစ်နိုင်ရမှာ ဖြစ်တယ်။


ကာလရှည်ကြာကင်းကွာ

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစံနှုန်းများနဲ့ ကင်းကွာခဲ့တာ နှစ်ပေါင်းငါးဆယ် ရှိတော့မှာ ဖြစ်တယ်။ ဒီကာလရှည်ကြီး အတွင်းမှာ တစ်ပါတီ တစ်ဖွဲ့တစ်စည်းတည်းရဲ့ သဘောနဲ့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တာ ဖြစ်လေတော့မုန်းတီးနာကြည်းမှုတွေ၊ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် မယုံသင်္ကာ ဖြစ်မှုတွေ၊ ကိုယ့်အဖွဲ့အစည်း တည်တံ့ဖို့အတွက် ကိုယ်နဲ့မတူတဲ့ တခြား အဖွဲ့အစည်းအားလုံးကို ချေမှုန်းပစ်ရမယ် ဆိုတဲ့ အာဃာတတွေဟာ ဟိုဘက်ဒီဘက် အဖွဲ့အစည်းအားလုံးမှာ ရှိခဲ့ကြတယ်။ ဒါဟာ အပြစ်ဆိုစရာတော့ မဟုတ်ဘူး။ မငြိမ်းချမ်းတဲ့၊ တိုင်းရင်းသား အချင်းချင်း လက်နက်ကိုင် တိုက်ခိုက်နေတဲ့ အခြေအနေမှာ ဒါမျိုးတွေဟာ ဖြစ်ရိုးဖြစ်စဉ်သာ ဖြစ်တယ်။


တိုးတိုးသားမဟုတ်

ခုအချိန်မှာတော့ ဒီမိုကရေစီ ဆိုတဲ့ စကားဟာ နှစ်ကိုယ်ကြား ပြောရတဲ့ 'တိုးတိုးသား' မဟုတ်တော့ဘူး။ အာဏာရ အစိုးရ ကိုယ်တိုင်က နေ့စဉ်နဲ့အမျှ တဖွဖွပြောနေတဲ့စကား ဖြစ်နေပြီ။ လတ်တလောလေးမှာတင် အစိုးရအဖွဲ့က ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး 'ပြည်သူလူထု ကိုယ်စိတ်နှစ်ပါး ချမ်းသာစေရေး အတွက် နှစ်ဖက် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြပါသည်' ဆိုတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တယ်။ သတင်းသမားတစ်ယောက်ရဲ့ မျက်စိထဲမှာတော့ နှစ်ဖက် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းတွေ အများကြီး ရှိနေတာကို မြင်နေတာကြောင့် မျှော်လင့်ချက် ရောင်ခြည်ကလေး ခပ်ရေးရေး သန်းလာတယ်။


အပြန်အလှန်လေးစား

တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်ဖို့၊ အောင်မြင်ဖို့ အတွက် ပထမဆုံး လိုအပ်ချက်က နှစ်ဖက်စလုံး ဒါမှမဟုတ် သုံးဖက်လေးဖက်စလုံးရဲ့ စိတ်အခံတွေမှာ သူ့ဘက်ငါ့ဘက် ဆိုတဲ့ အမြင်တွေကို ဖျောက်ပစ်ဖို့ လိုပါလိမ့်မယ်။
သူ့ဘက်ငါ့ဘက်ဆိုတဲ့ အခြေခံ ကနေ တစ်ဆင့်တက်ပြီး 'ငါနဲ့မတူ ငါ့ရန်သူ'ဆိုတဲ့ စိတ်ဓာတ်တွေ ပေါ်ထွက်လာစေပါတယ်။
မတူခြားနားတဲ့ အယူအဆတွေ ကိုယ်စီ ရှိနေကြတာကို အပြန်အလှန် အသိအမှတ်ပြု လေးစားပြီး တူညီတဲ့ပန်းတိုင် အတွက် အတူ လက်တွဲလုပ်လို့ ရတာတွေကို အတူ တွဲလုပ်ခြင်းဟာ ဒီမိုကရေစီရဲ့ အနှစ်သာရ ဖြစ်တယ်။ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကြားမှာ ကွဲလွဲချက်တွေ ရှိနေတာကို လတ်တလော မကိုင်တွယ်ကြသေးဘဲ တူညီချက်တွေကိုရှာပြီး အရင်ဆုံး ကိုင်တွယ်သင့်ကြတယ်လို့ ယူဆပါတယ်။


အားရှိသူနိုင်မြဲ

မြန်မာနိုင်ငံမှာ ရှိနေတဲ့ အဖွဲ့အစည်းအားလုံးမှာ မတူညီတဲ့ မူဝါဒလမ်းစဉ်တွေ ရှိနေကြပေမယ့် ဒီမိုကရေစီနိုင်ငံကြီး တည်ထောင်ချင်တယ် ဆိုရာမှာ တူကြတယ်။ အားလုံးဟာ ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးကို ချစ်ကြတယ်။တိုင်းပြည်နဲ့လူမျိုး ပျောက်မသွားဖို့ အသက်ပေး ကာကွယ်ကြမယ် ဆိုတဲ့ အချက်မှာ တူကြတယ်။ ဒီတူညီချက်တွေပေါ် အခြေခံပြီး ရှေ့ဆက် လုပ်စရာတွေ လက်တွဲ လုပ်ဆောင်လို့ ရတယ်။ အန္တရာယ်တွေကို စုပေါင်းကာကွယ်နိုင်ကြတယ်။ မြန်မာနိုင်ငံ ဆိုတာက လူဦးရေ ပေါက်ကွဲထွက်လုမတတ် များပြားတဲ့ နိုင်ငံကြီးနှစ်ခုကြားမှာ ညပ်နေတဲ့ နိုင်ငံ သေးသေးလေး တစ်ခုသာ ဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ သူတို့ နိုင်ငံကြီးနှစ်ခုကပြည်နယ်တစ်ခုရဲ့ လူဦးရေလောက်တောင် ရှိတာ မဟုတ်ဘူး။ နောက်ပြီး ကမ္ဘာကြီးတစ်ခုလုံးက ဒီမိုကရေစီခေတ်လို့ ဘယ်လောက်ပဲ အော်နေအော်နေ တကယ်တော့ 'အားရှိသူ အနိုင်ရစမြဲ' (might is right)ဆိုတဲ့ စစ်ဘုရင်ဝါဒက ကြီးစိုးနေဆဲ ဖြစ်တယ်။


အန္တရာယ်တွေ ရှိနေတယ်

လူဦးရေနည်းပြီး စီးပွားရေးအရ ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ မြန်မာနိုင်ငံ အဖို့ စီးပွားရေး အရ၊ လူမှုရေးအရ၊ ယဉ်ကျေးမှုအရ ဘက်ပေါင်းစုံက ၀ါးမြိုခံရနိုင်တဲ့ အန္တရာယ် အမြဲတမ်း ရှိနေတယ်။ တိုင်းပြည်ရဲ့ မြေပေါ်မြေအောက်
သယံဇာတတွေနဲ့ သစ်တောဝါးတောကြီးတွေ ပျောက်ကွယ်သွားမယ့် အန္တရာယ်လည်း ရှိနေတယ်။ အဲဒီနောက်က ကပ်ပါလာတဲ့ ဥတုရာသီ ဖောက်ပြန်မှုတွေနဲ့ အယ်လ်နီညိုတို့၊ လာနီညာ တို့ရဲ့ အန္တရာယ်တွေလည်း ရှိနေတယ်။ ဒီလို အန္တရာယ်တွေ ကျရောက်လာရင် အစိုးရ တစ်ဖွဲ့တည်း ခံရမှာ မဟုတ်ဘူး။ နိုင်ငံရေး အဖွဲ့အစည်းတွေသာ ခံရမှာ မဟုတ်ဘူး။ တစ်တိုင်းတစ်ပြည်လုံး ပြည်သူတွေအားလုံး ခံကြရမှာ။ သဘာဝဘေးဆိုး ကပ်ဆိုးတွေ ကြောက်စရာ ကောင်းသလို လူလုပ် ဘေးဆိုးကပ်ဆိုးတွေကလည်း ကြောက်စရာ ကောင်းပါတယ်။


မလွဲဧကံ

ဒီအန္တရာယ်တွေကို ဘုံရန်သူအဖြစ် သဘောထားပြီး 'အရေးကြီးက သွေးစည်းကြ' ဆိုသလို အားလုံး လက်တွဲ ကာကွယ်ကြဖို့ လိုတယ်။ 'ငါနဲ့မတူ ငါ့ရန်သူ' စိတ်ဓာတ်တွေ စွန့်ပစ်ပြီး ခံစရာရှိရင် အားလုံး အတူတူ ခံကြရမှာပဲ။ အားလုံး 'ဆိုးတူကောင်းဘက်'တွေပဲ ဆိုတဲ့ စိတ်ဓာတ်မျိုး မွေးကြရမယ်။ တစ်ဦးနဲ့တစ်ဦး သံသယစိတ်တွေနဲ့ တံဆိပ် အမျိုးမျိုးတပ်၊ နာမည် အမျိုးမျိုး ပေးနေတာတွေ ရပ်ပစ်ပြီး တိုင်းပြည်နဲ့ လူမျိုး မပျောက်ဖို့ ဆိုတဲ့စိတ် တစ်မျိုးတည်းနဲ့ ဆောင်ရွက်သွားကြရင် ပြည်သူလူထု တစ်ရပ်လုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်ကြရမှာ မလွဲဧကံပါပဲလို့ ပြောလိုက်ချင်ပါတယ်။

(လူထုစိန်ဝင်း)

01 August 2011

တွေ့ ဆုံပွဲမှဆွေးနွေးပွဲသို့ 

 ဒီတစ်ခါအိပ်ရာက မထနိုင်ဖြစ်တာ တော်တော်ကြာသွားတယ်။ ဘယ်လောက်ထိ ကြာသွားလဲဆိုရင် နံပါးနှစ်ဖက်မှာ ဘိုလိုbedsore လို့ခေါ်တဲ့ အိပ်ရာပွန်းနာတွေ ရလာတဲ့အထိပါပဲ။ သုံးလလုံးလုံး နေ့ရောညပါ အိပ်ရာထဲမှာပဲနေပြီးညာဖက်နံတောင်းနဲ့ စောင်းအိပ်လိုက်၊ ဘယ်ဖက်နံတောင်းနဲ့စောင်းအိပ်လိုက် နဲ့သာ နေရတာကိုး။
 

စိတ်ပူရှာကြ
ရေးနေကျဂျာနယ်တွေအတွက် စာမရေးနိုင်တော့ နယ်ပေါင်းစုံကစာ ဖတ်ပရိတ်တွေ ဖုန်းဆက်ကြ၊ စာရေးကြနဲ့ စိတ်ပူရှာကြတယ်။ ရန်ကုန်နဲ့ နီးတဲ့ဒေသက စာဖတ်သူများကတော့ လူကိုယ်တိုင်ရောက်လာပြီး စုံစမ်းမေးမြန်းကြတယ်။ နဂိုက ဧည့်မပြတ်ရတာ ထက်တောင်ပိုပြီး အရောက်အလာများတယ်။ နေမကောင်း ဘူးကြားတော့ စာပေသမား သတင်းသမားတွေကလည်း စိတ်ပူပြီး တစ်ယောက်ပြီး တစ်ယောက်ရောက်ရောက်လာ ကြတယ်။ တချို့များဆို ၀ီရိယကောင်းလွန်းလို့ နေမကောင်းတဲ့ကြား က ပြုံးတောင်ပြုံးမိသေးတယ်။ စာရေးနိုင်ပြီလားဆိုတာ သိချင်လို့လာတာပါဆိုပြီး အိပ်ရာထဲလှဲနေတဲ့ သူကို ထောင့်မျိုးစုံကလှည့်ပြီး ဓာတ်ပုံရိုက်သူကရိုက်၊ ဗီဒီယိုရိုက်သူကရိုက်နဲ့ လုပ်ကြတော့ သတင်းသမားချင်း မဟုတ်လား။ သူတို့လာတဲ့ ရည်ရွယ်ချက်ကို မသိဘဲဘယ်နေပါ့မလဲ။

မဂိုးသေးပါဘူး

လူငယ်လေးတွေမို့ ဘာမှမပြောဘဲ ပြုံးရုံသာပြုံးနေလိုက်ပေမယ့် စိတ်ထဲကတော့ ''မဂိုးသေးပါဘူးကွယ်၊ တစ်သွေးတစ်သံတစ်မိန့်ဆိုတဲ့ အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းပြီး ကျောင်းသားလူငယ်တွေ၊ ဆရာတော်သံဃာတော်တွေ၊ တပ်မတော်သားတွေနဲ့ လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ပြည်သူတွေ အားလုံး လိုလားတောင့်တနေကြတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးကို မမြင်ရမချင်း အကြာကြီးကို နေသွား ဦးမှာပါ''လို့ ပြောနေမိတယ်။ အနိစ္စမသိ၊ တရားမရှိလို့ ပြောတာမဟုတ်ဘူး။ ဒုတိယကမ္ဘာစစ်ကြီး မှာမွေးပြီး နှစ်ပေါင်း ၆၀ ကျော်ပြည်တွင်း စစ်ကြီးနဲ့ တစ်ပါတီ တစ်ဖွဲ့တစ်စည်း အုပ်ချုပ်မှုအောက် မှာ နှစ်ပေါင်း ၅၀ နီးပါး နေထိုင်ခဲ့ရသူတစ်ဦးအနေနဲ့ ဒါလောက်ကလေး လိုလားတောင့်တတာဟာ မလွန်လောက်ဘူးထင်လို့ပါ။

ဒါကြောင့်
 
''စစ်ဆိုရင်မုန်းလွန်းလို့ ရေတောင်စစ်မသောက်ချင်ဘူး'' လို့ ရှေးလူကြီးတွေပြော ကြသလိုတောင် တစ်ခါတစ်ခါ ပြောချင်မိတယ်။ နှစ် ၆၀ ကျော် ပြည်တွင်းစစ်ကြီးအတွင်းမှာ တပ်ထဲဝင်သွားတဲ့ ဦးလေးသားချင်းစစ်ဗိုလ်တွေ တိုက်ပွဲမှာကျဆုံးသွားတာရှိသလို၊ ရဲဘော်ဖြူတွေထဲ ကွန်မြူနစ်တွေထဲ ရောက် သွားပြီး ကျဆုံးသွားတဲ့ ဆွေမျိုးတွေလည်း ရှိခဲ့တယ်။ ကိုယ်ကြီးလာတော့လည်း ဒီအတိုင်းပဲ။ သူငယ်ချင်း စစ်ဗိုလ်တချို့ ကျဆုံးသွားကြသလို တောထဲတောင်ထဲရောက်သွားပြီး တိုက်ပွဲမှာ ကျသွားတဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေလည်း ရှိတယ်။ ဒါကြောင့် ငြိမ်းချမ်းရေးကို ချစ်တာ၊ ဒီမိုကရေစီကို လိုချင်တာ။


အဆုံးအဖြတ်ပြုနိုင်လောက်တဲ့သတင်း
 
ဇူလိုင်ကုန်ခါနီးတော့ ဧည့်သည် အ၀င်အထွက် ပိုများလာတယ်။ နည်းနည်း သက်သာသလိုမြင်ရရင် စကားပြောလာကြတယ်။ ရူးပတ်မားဒေါ့ရဲ့ မီဒီယာအင်ပါယာကြီး ကိစ္စအပေါ် ထင်မြင်ချက် မေးချင်လာ ကြတယ် ''ဇူလိုင်နောက်ဆုံးပတ်ရောက်တော့ မားဒေါ့ကိစ္စတုန်းက အလိုက်သိစွာနဲ့ ဘာမှမမေးဘဲ နှုတ်ဆိတ်နေခဲ့ကြတဲ့ မိတ်ဆွေတချို့တောင် မမေးဘဲမနေနိုင်ကြတော့ဘဲ ''ထင်မြင်ချက်လေး ပေးပါဦး''လို့ ပြောလာကြတယ်။ မားဒေါ့ကိစ္စလိုမဟုတ်ဘဲ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးအတွက်တော့ အရေးကြီးဆုံး ထိပ်တန်းသတင်းကြီး မဟုတ်လား။ တိုင်းပြည်ရဲ့ ကံကြမ္မာကို အကောင်းအဆိုး အဆုံးအဖြတ်ပြုနိုင်လောက်တဲ့အထိ အရေးပါတဲ့ သတင်းကြီးပဲလေ။ အစိုးရသစ်ရဲ့ ၀န်ကြီးဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံကြတဲ့ သတင်းပေကိုး။

သို့လော၊ သို့လော
သူတို့အရေးတကြီးနဲ့ အလေးထားကြတာ မလွန်ပါဘူး။ ကိုယ်တိုင်လည်း အိပ်ရာက မထနိုင်ပေမယ့် သတင်းမှန်သမျှကိုတော့ မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့ရပါတယ်။ အစိုးရသစ်က ဦးအောင်ရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည် အမည်တပ်ပြီး သတိပေးချက်ထုတ်ပြန်လိုက်တော့ လူတိုင်းရဲ့စိတ်ထဲမှာ သို့လောသို့လော တွေးနေကြခိုက်မှာ မထင်မှတ်ဘဲ အစိုးရသစ်ရဲ့ ၀န်ကြီးဦးအောင်ကြည်က ဒေါ်အောင်ဆန်းစုကြည်နဲ့ နှစ်ဦးတည်း တွေ့ဆုံမယ်လို့ ကြေညာလိုက်တာကိုး။ ဒီတော့ ဘယ်လိုဖြစ်လာနိုင်သလဲ။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနဲ့ တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးအတွက် အလားအလာကောင်းများ ဖြစ်နိုင်သလား။ စာ နဲ့ သတိပေးချက်ကို ပိုပြီးခိုင်မာစေဖို့ လူကိုယ်တိုင်တွေ့ဆုံ သတိပေးတာလား။ ဒီလိုအခြေအနေမှာ ဒီမိုကရေစီအင်အားစုများအနေနဲ့ ဘာတွေလုပ်ဆောင်သင့်ကြသလဲ စတဲ့စတဲ့ လဲပေါင်းများစွာ၊ လားပေါင်းများစွာကို မေးခွန်းထုတ်နေကြတယ်။

ထင်မြင်ချက်မျိုးစုံ

''ထင်မြင်ချက်ပေးပါဦး'' ဆိုလာ  သူတွေကို ထင်မြင်ချက်မပေးမီ အရင်ဆုံးအနေနဲ့ လာသမျှဧည့်သည်မျိုးစုံနဲ့ မီဒီယာသမားကြီးငယ်မျိုးစုံတို့ရဲ့ ပြောသံဆိုသံတွေနဲ့ ထင်မြင်ယူဆချက်တွေ၊ ဆန္ဒစွဲမှန်းဆမှု (wishful speculation) တွေကို စုစည်းကြည့်လိုက်တယ်။ ဒီလိုတွေ့ရတယ်။

(၁) ဘန်ကီမွန်းလို ဒါဟာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် ကောင်းမွန်တဲ့ လမ်းစဖြစ်တယ်ဆိုတဲ့ အကောင်းမြင်ရှုထောင့်က ကြည့်တဲ့သူများ။
(၂) အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ပြောသလို၊ မှန်ကန်ကောင်းမွန်တဲ့လမ်းကြောင်း ဖြစ်တယ်။ ဒါပေမဲ့ ဒါလောက်နဲ့ မလုံလောက်သေးဘူး။ လက်တွေ့ အလုပ်နဲ့ သက်သေပြဖို့လိုတယ်ဆိုတဲ့ 'ထောက်ကွက်' လုပ်သူများ။
(၃) အမေရိကန်နဲ့ အာဆီယံနိုင်ငံတွေက ပရက်ရှာ(ဖိအား) ပေးနေတာတွေ လျော့ကျသွားစေဖို့နဲ့ အာဆီယံမှာ ဥက္ကဋ္ဌနေရာရယူဖို့အတွက် လှည့်ကွက်သက်သက်မို့ 'အရာကြီးနဲ့ဘာဘူကြီး'လို ထူးမခြားနားပါပဲလို့ ဆိုသူများ။
(၄)တွေ့ဆုံကြတဲ့ ဘက်နှစ်ဖက်မှာ ကိုယ်စီကိုယ်စီ ဘယ်လိုရည်ရွယ်ချက်တွေ ရှိနေရှိနေ၊ တစ်ဖက်နဲ့တစ်ဖက် ကျောခိုင်းနေတာထက်တော့ မျက်နှာချင်းဆိုင် တွေ့ဆုံတာက ပိုကောင်းတယ်။ ဒါကြောင့် ထောက်ခံသင့်တယ်။ တွေ့ဆုံပွဲကနေ ဆွေးနွေးပွဲဖြစ်အောင် အားလုံးဝိုင်းပြီး တွန်းအားပေးရမယ်လို့ ဆိုတဲ့သူများ။


အကျိုးတော်ဆောင်လုပ်ဖို့
အဓိကအနေနဲ့တော့ အဲဒီလေးမျိုးလေးစား တွေ့ရတယ်။ ဒီကြားထဲမှာ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက် ဖို့အတွက် နှစ်ဖက်စလုံးနဲ့ ထိတွေ့မှု အများဆုံးရရှိနေတဲ့ မီဒီယာကြီးတွေက 'အကျိုးတော်ဆောင်' ၀င်လုပ်ပေးရင် မကောင်းဘူးလားလို့ ပြောလာသူ နှစ်ဦးသုံးဦးလည်း ရှိသေးတယ်။ သူတို့ကတော့ လူနည်းစုလေးမို့ အထက်မှာ ပြောခဲ့တဲ့လေးမျိုးလေးစားထဲ ထည့်မတွက်ဘဲ ချန်လှပ်ထားခဲ့တာပါ။ မီဒီယာကြီးတွေလို့ပြောတော့ ကိုယ်နဲ့လည်း ဆက်စပ်နေတာကြောင့် ဖြေတဲ့အခါမှာတော့ ထည့်သွင်းဖြေကြား သွားပါမယ်။

ကြိုတင်ပြောပါရစေ
ထင်မြင်ချက်ပေးဖို့ ပြောသူများထဲမှာ နိုင်ငံရေးသမားတွေပါသလို၊ မီဒီယာသမားတွေလည်း ပါပါတယ်။ နိုင်ငံရေးသမား မီဒီယာသမားမဟုတ်တဲ့ ရိုးရိုးလူငယ်တွေလည်း တော်တော်များများ ပါကြတယ်။ ကိုယ်တိုင်က နိုင်ငံရေးပါတီတစ်ခုခုမှာ ပါဝင်ပတ် သက်နေသူမဟုတ်ဘဲ သတင်းမီဒီယာသမား သက်သက်သာဖြစ်တာကြောင့် နိုင်ငံရေးသမားလို 'ခွဲခြမ်းစိပ်ဖြာ' (analyse) စဉ်းစားတာမျိုး မလုပ်နိုင်ပါဘူး။ သတင်းသမားတစ်ယောက်ရဲ့ သုံးသပ်ဝေဖန်ချက် ရေးသလိုမျိုးသာ ဖြေတတ်တယ်။ ဒါကြာင့် နိုင်ငံရေး သုံးသပ်ဝေဖန်ချက် စစ်တမ်းတစ်ခုလို မကြည့်ဘဲ၊ ပုံနှိပ်ဖော်ပြဖို့ သတင်းစာ၊ ဂျာနယ်ထဲမှာရေးတဲ့ သတင်းသုံးသပ်ချက် ဆောင်းပါးတစ်ပုဒ်အဖြစ်နဲ့သာ ရှုမြင်ပါလို့ ကြိုတင်ပြောထားပါရစေ။

မင်္ဂလာသတင်း
သတင်းသမားဆိုတာ သတင်းဖြစ်လာရင် ဖြစ်လာတဲ့အတိုင်း အပိုအလိုမရှိ အမှန်အတိုင်း အရှိအတိုင်း ရေးရတယ်။ သုံးသပ်ဝေဖန်ရာမှာလည်း ကောင်းတာတွေ့ရင် ကောင်းတယ်လို့ ရေးသလို၊ မကောင်းတာ တွေ့ရင်လည်း မကောင်းဘူးလို့ ရေးရတယ်။ အစိုးရသစ်ဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံတာဟာ ကောင်းတဲ့ကိစ္စ ဖြစ်တယ်။ မင်္ဂလာသတင်းဖြစ်တယ်။ ဒီလိုတွေ့ဆုံမှုမျိုး ထပ်ခါထပ်ခါပြုလုပ်ကြဖို့ တိုက်တွန်းနှိုးဆော်ရမယ်။ ဒီတွေ့ဆုံမှုမတိုင်မီက အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အဖွဲ့ဝင်တွေ ချီတက်အလေးပြုဖို့ ကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူချင်း တွေ့ဆုံညှိနှိုင်း ဆောင်ရွက်ခဲ့ကြတယ်လို့ သိရတယ်။ သားအမိနှစ်ယောက်ရဲ့ ပုဂံဘုရားဖူးခရီးစဉ်မှာလည်း တာဝန်ရှိသူချင်း တွေ့ဆုံညှိနှိုင်း ဆောင်ရွက် ခဲ့ကြတယ်လို့ သိရတယ်။

တွေ့ဆုံခြင်းရလဒ်
အာဇာနည်နေ့ကိစ္စရော၊ ပုဂံဘုရားဖူးကိစ္စပါ မြန်မာနိုင်ငံသားတွေ သာမက ကမ္ဘာတစ်ခုလုံးကပါ ရင်တမမနဲ့ စောင့်ကြည့်နေခဲ့ကြပေမယ့် မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စမျိုး တစ်ခုမှ ဖြစ်ပေါ်မ လာခဲ့ဘဲ အေးအေးချမ်းချမ်းနဲ့ ပြီးဆုံးသွားခဲ့တယ်။ ဒါဟာ နှစ်ဦးနှစ် ဖက် တွေ့ဆုံညှိနှိုင်းမှုကြောင့် ထွက်ပေါ်လာတဲ့ ရလဒ်ဖြစ်တယ်။ ပြည်သူပြည်သားအားလုံး ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြရတယ်။ ကမ္ဘာမှာအစိုးရသစ်ရဲ့ ဂုဏ်သိက္ခာလည်း တက်သွားစေတယ်။ အစိုးရသစ်ဟာ လုံခြုံရေးရှုထောင့် တစ်ခုတည်းကသာ ကြည့်ပြီး လုံခြုံရေးအတွက် စစ်တပ်တွေ ရဲတပ်တွေ အများအပြား ချထားခြင်းမပြုဘဲ နိုင်ငံရေးရှုထောင့်ကပါ ရှုမြင်သုံးသပ်ပြီး ပါးပါးနပ်နပ်ဆောင်ရွက်ခဲ့တာကြောင့် ဒီလိုရလဒ်မျိုး ရရှိခဲ့တာဖြစ်တယ်။

အာမခံချက်ပေး
ဒီမိုကရေစီနိုင်ငံတိုင်းမှာ တိုင်းသူပြည်သားအားလုံးအတွက် လွတ်လပ်စွာ ပြောဆိုရေးသားခွင့်၊ စည်းရုံးလှုပ်ရှားခွင့်၊ အသင်းအပင်းဖွဲ့စည်းခွင့်၊ ဆန္ဒပြ စာတမ်းလှည့်လည်ခွင့်တို့ကို ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ထည့်သွင်းရေးသားပြီး အာမခံချက်ပေးထားကြတယ်။ မြန်မာနိုင်ငံက လက်ရှိဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမှာလည်း ပြဋ္ဌာန်းပေးထားတယ်။ ဆန္ဒပြတယ်ဆိုတာ ဒီမိုကရေစီနိုင်ငံတွေမှာ မထူးဆန်းပါဘူး။ အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ တောင်ကိုရီးယားလမ်းမတွေပေါ်မှာ လူ လေးငါးဆယ်လောက်ကနေ လေးငါးရာနဲ့ လေးငါးထောင်ထိဆိုင်းဘုတ်လေးတွေကိုင်ပြီး စီတန်းလမ်းလျောက်နေကြတာတွေ ရုပ်မြင်သံကြားမှာ နေ့တိုင်းတွေ့နေကြရတာပါ။ ဆန္ဒပြသူ ကပြ၊ လမ်းသွားလမ်းလာတွေက သွားမြဲလာမြဲ၊ ရုံးသူရုံးသားတွေက ရုံးတက်မြဲပါပဲ။ ဆန္ဒပြသူတွေကလည်း သူတို့ပြစရာရှိတာပြ၊ တောင်းဆိုချက်ပေးစရာရှိတာတွေပေးပြီး အေးအေးဆေးဆေးပြန်သွားကြတာ ပါပဲ။

ပြောမယုံကြုံဖူးမှသိ
 
လုံခြုံရေးရှုထောင့်တစ်ခုတည်းက မကြည့်ဘဲ နိုင်ငံရေးရှုထောင့်ကပါ ရှုမြင်သုံးသပ်လို့ ရလဒ်ကောင်းရခဲ့တဲ့ 'ဖြစ်ရပ်ဆန်း' တစ်ခု အာဇာနည်နေ့က ကြားသိခဲ့ရတယ်။ မြောက်ဒဂုံက လူပေါင်း နှစ်ဆယ်အစိတ်လောက် ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့အဖွဲ့ ချီတက်အလေးပြုမှာကို သွားရောက်ပူးပေါင်းဖို့အတွက် စီတန်းထွက်ခွာလာကြတယ်။

အဲဒီမှာ ''မပြောမယုံကြုံဖူးမှသိ'' လို့ ပြောရမယ့်ဖြစ်ရပ်ကို တွေ့ရတယ်။ စီတန်းချီတက်လာသူတွေကို လုံခြုံရေးတာဝန်ရှိသူတွေက ရင်ဆိုင်တွေ့ဆုံမေးမြန်းပြီးတော့ သူတို့သွားလိုရာအရောက် ကားတွေပေါ် တင်ပြီး လိုက်ပို့လိုက်သတဲ့။ ကဲအဲဒါထက် ဆန်းတဲ့သတင်းရှိသေးရဲလား။ ဒီလုံခြုံရေးအဖွဲ့ဝင်များရဲ့ လုပ်နည်းလုပ်ဟန်ကို မချီးကျူးဘဲ မနေနိုင်ဘူး။ နမူနာကောင်းလေး ဖြစ်ပါစေလို့ အောက်မေ့လိုက်ရတယ်။

ဗျူဟာတွေလိုတယ်
 
သတင်းသမားတစ်ယောက် အနေနဲ့မြင်တာကို မြင်တဲ့အတိုင်းပြောတာဖြစ်တယ်။ မမြင်ရတဲ့ကိစ္စ မဖြစ်သေးတဲ့ကိစ္စကို ပြောလို့မရပါဘူး။ အစိုးရက ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာ မသိပါဘူး။ သိအောင်လုပ်တဲ့ကိစ္စက နိုင်ငံရေးပါတီတွေရဲ့ အလုပ်ပါ။ သတင်းသမား အလုပ်မဟုတ်ဘူး။ နိုင်ငံရေး ပါတီတွေဆိုတာက မဟာဗျူဟာတွေ၊ နည်းဗျူဟာတွေ ချမှတ်လုပ်ဆောင်ရတာဖြစ်တော့ တစ်ဖက်သားရဲ့ရည်ရွယ်ချက်နဲ့ တစ်ဖက်သားရဲ့အခံစိတ်ဓာတ်ကို အသေးစိတ် လေ့လာတွက်ချက်ပြီး မှန်းဆရတယ်။ အဲဒီလို မှန်းဆရာမှာ မှန်ကန်ဖို့ သိပ်အရေးကြီးတယ်။ 'ဆန္ဒစွဲမှန်းဆချက်' (wishful speculation) မဖြစ်ဖို့လိုတယ်။ မြန်မာပြည်နိုင်ငံရေး အသိုင်းအ၀ိုင်းထဲက ပုဂ္ဂိုလ်အများစု မှားလေ့ရှိတဲ့ အမှားမျိုးထပ် မမှားစေဖို့ သတိထားသင့်တယ်။ အမေရိကန်နဲ့အီးယူက ဖိအားပေးလို့ အာဆီယံက 'ပရက်ရှာ' ပေးလို့ အစိုးရက လိုက်လျောလာတာဆိုတဲ့ အမြင်ဟာ အင်မတန်မှားယွင်းတဲ့ အမြင်ဖြစ်တယ်။ နှစ်ပေါင်းငါးဆယ်နီးပါး လက်တွေ့မြင်တွေ့ခဲ့ရတဲ့ အချက်ကတော့ မြန်မာအစိုးရဟာ ဘယ်သူ့ဖိအားကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ အချက် ဖြစ်တယ်။ သမ္မတဘီလ်ကလင်တန်ရဲ့ ဖိအားကိုတောင် အရေးမလုပ်ခဲ့တဲ့ အစိုးရဟာ သူ့မိန်းမ ဟီလာရီလို နိုင်ငံခြားရေးဝန်ကြီးရဲ့ မိန့်ခွန်းလောက်ကို ဂရုစိုက်နားထောင်မှာတောင် မဟုတ်ပါဘူး။

အပ်နဲ့ ထွင်းလို့မရ

အရေးကြီးတာက ကိုယ့်အားကိုယ်ကိုးဖို့ပဲဖြစ်တယ်။ ကိုယ့်မှာ ခံ့ညားရိုသေလောက်တဲ့ အင်အားရှိမှ အများက လေးစားမှာဖြစ်တယ်။ သတင်းသမားတစ်ယောက်ရဲ့ မျက်စိထဲမှာ လောလောဆယ်မြင်နေရတဲ့ အဖြစ်အပျက်တွေ သတင်းတွေက ကြာရှည်လစ်လျူရှုထားရင် 'အပ်နဲ့ထွင်း' ရုံနဲ့ မရတဲ့အခြေအနေအထိ ရောက်လာနိုင်ပါတယ်။ တိုင်းရင်းသားဒေသအားလုံးလိုလိုမှာ စစ်ပွဲတွေ အရှိန်ပြင်းပြင်းနဲ့ဖြစ်လာနေတာတွေဟာ အင်မတန်အန္တရာယ်ကြီးလှတယ်လို့ သဘောရတယ်။ စိတ်မချမ်းသာစရာဖြစ်တယ်။ တပ်မတော်သား ကျဆုံးလည်း မြန်မာပဲ။ ကေအိုင်အေကကျလည်း မြန်မာပဲ။ ဒီကေဘီအေနဲ့ ကေအင်န်ယူကသေလည်း မြန်မာပဲ။ ရှမ်းဘက်ကကျလည်း မြန်မာနိုင်ငံသားပဲ။ ကိုယ့်အချင်းချင်း တိုက်နေသတ်နေရတာ ဘာကောင်းလို့လဲ။

မျက်နှာမလှတဲ့ကိစ္စ

ခုချိန်မှာ မြန်မာတစ်မျိုးသားလုံးအတွက် အရေးကြီးဆုံးက သေနတ်သံတွေရပ်စဲပြီး အသေအပျောက် သတင်းတွေ မကြားရတော့ဖို့  ဖြစ်တယ်။ ဒီကိစ္စကို အားလုံးဝိုင်းဝန်းကြိုးစားကြစေချင်တယ်။ နောက်အရေးကြီးတာတစ်ခုကတော့ အစိုးရအတွက်လည်း နိုင်ငံတကာမှာ မျက်နှာမလှဖြစ်နေရတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက်ခေါင်းဆောင်တွေ အပါအ၀င် လူပေါင်းနှစ်ထောင်နီးပါး ကိစ္စဖြစ်တယ်။ ဒီလို ထိန်းသိမ်းထားမှုတွေဟာ အစိုးရအတွက် မျက်နှာမလှဖြစ်ရုံသာမက တိုင်းပြည်အတွက်လည်း စွမ်းအားတွေ အဟောသိကံဖြစ်ရာရောက်တယ်လို့ ယူဆပါတယ်။ ဒါ့အပြင် ဧရာဝတီမြစ်ကြီး ကယ်တင်ရေးကိစ္စ၊ လယ်သမားတွေ အကြောင်းအမျိုးမျိုးကြောင့် လယ်မလုပ်နိုင်ကြတော့ဘဲ မြို့တက်ပြီး ရွှေ့ပြောင်းလုပ်သားဖြစ်ကုန်တဲ့ ကိစ္စ၊ မြန်မာအမျိုးသမီးတွေ အိမ်နီးချင်းနိုင်ငံတွေဘက် ရောင်းစားခံနေရတဲ့ကိစ္စ၊ ချမ်းသာသူတစ်စုက ပိုပိုချမ်းသာနေပြီး ဆင်းရဲသူတွေက ပိုပိုပြီး ဆင်းရဲလာနေတဲ့ကိစ္စ၊ စတဲ့စတဲ့ ကိစ္စတွေက မနည်းလှဘူး။

ဝန်ကြီးဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံရာကနေ ဆွေးနွေးတဲ့အဆင့်ကို ရောက်ရင်တောင် ဖြေရှင်းရမယ့် ပြဿနာတွေ တောင်လိုပုံနေတယ်လို့ ဆိုချင်တယ်။ အဲဒါကြောင့် တွေ့ဆုံပွဲကနေ ဆွေးနွေးပွဲဖြစ်လာအောင် အားလုံးဝိုင်းဝန်း ကြိုးစားကြဖို့ မြန်နိုင်သမျှ အမြန်ဆုံး ဆောင်ရွက်ကြဖို့ နှိုးဆော်လိုက်ပါတယ်။

ဆက်ရေးပါဦးမယ်
လူထုစိန်ဝင်း

Follow me

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Walgreens Printable Coupons